Friday, May 24, 2013

နေပြည်တော် လယ်ဝေးမြို့နယ်ရှိ စစ်တပ်မှ သိမ်းယူထားသော လယ်ယာမြေများပေါ်တွင် သီးနှံစိုက်ပျိုးရန်အတွက် ထွန်တုံးတိုက်ပွဲ ပြုလုပ်


naypyitawlalwae-may23
နေပြည်တော် လယ်ဝေးမြို့နယ်ရှိ စစ်တပ်မှ သိမ်းယူထားသော လယ်ယာမြေဧက ၅၀၀ ပေါ်တွင် သီးနှံစိုက်ပျိုးမှုများ ပြုလုပ်ရန်အတွက် ၂၀၁၃ ခုနှစ် မေ ၂၂ ရက် နံနက်ပိုင်းတွင် ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့သည်။
နေပြည်တော် လယ်ဝေးမြို့နယ် သပြေပင်အုပ်စု ညောင်မုတ်ဆိတ်ကျေးရွာ၊ ရွာသစ်ကြီးကျေးရွာ၊ ဂူတောင်ကျေးရွာနှင့် သာယာအေး ကျေးရွာများမှ လယ်ယာမြေများကို စ.က.ခ (၆) တပ်မ အပါအ၀င် (ခ.မ.ရ ၄၁၃ နှင့် ခ.မ.ရ ၄၁၄) မှ တပ်မြေများအဖြစ် ၂၀၀၄ ခုနှစ် ၂၀၀၅ ခုနှစ်များတွင် သိမ်းစည်းခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့နယ် သပြေပင်အုပ်စု သာယာအေးကျေးရွာမှ တောင်သူတစ်ဦးက "တစ်နှစ်ကို စပါးသောင်းကျော်လောက် ၀င်မယ့်လယ်မြေကို သူတို့က နွားစားကျက်ထားမယ်ဆိုပြီး သိမ်းခဲ့တယ်။ တောင်သူတွေကို အဓမ္မငွေပေးပြီး မြေသိမ်းတယ်။ တောင်သူတွေအတွက် ကျေနပ်တဲ့ ငွေကြေးလည်း မရကြဘူး။ ၂၀၀၅ ခုနှစ်လောက်က စသိမ်းပြီး ၂၀၁၀ ခုနှစ်မှ နစ်နာကြေးပေးတာ။ တောင်သူတွေအတွက် ဘယ်လောက်နစ်နာလဲ ဆိုတော့ စားဝတ်နေရေးအတွက် လူတိုင်း အခက်အခဲ ဖြစ်နေကြတယ်။ တပ်မတော်မိ သားစုကဆိုပြီး စီးပွားရေး သမားတွေက အမြတ်ထုတ် လုပ်စားနေတာ။ ကိုယ့်မြေနဲ့ ကိုယ်ကို စပါး ၁၂ တင်းကနေပြီး ၁၅ တင်းအထိ တပ်ကိုအစုချပေးရတယ်။ နွေရာသီ မတ်ပဲစိုက်မယ် ဆိုတော့လည်း တစ်ဧကကို ကျပ် ၁၀၀၀၀ ပေးရတယ်။ နိုင်ငံတော်က ဆင်းရဲမွဲတေမှု လျော့ချရေး ဆိုတာကလည်း တောင်သူတွေအတွက် ဘာမှဖြစ်မလာဘူး။ တောင်သူတွေကို ဆင်းရဲအောင် လုပ်နေတဲ့ အတိုင်းပဲ" ဟု ပြောကြားသည်။
လယ်ဝေးမြို့နယ် သပြေပင်အုပ်စု သိမ်းထားသော လယ်ယာမြေများပေါ်တွင် ပြန်လည်လုပ်ကိုင်ရန် လယ်ပိုင်ရှင် တောင်သူများမှ မိမိတို့ လယ်ယာမြေများပေါ်တွင် ပြန်လည်ထွန်ယက် စိုက်ပျိုးရန် တောင်သူလယ်သမား အယောက် ၁၀၀ ကျော်နှင့် ထွန်ရှဉ်း ၂၈ ရှဉ်းဖြင့် ကွင်းအမှတ် ၁၇၉၇၊ ၁၇၉၈၊ ၁၇၉၉ တို့တွင် စိုက်ပျိုးပြီးစီး အချိန်အထိ ထွန်ယက်သွားမည် ဖြစ်သည်။
"ကျွန်မပိုင် လယ်ငါးဧကကို သိမ်းစည်းသွားတာပါ။ မိသားစု အနေနဲ့ စားဝတ်နေရေး ကျပ်တည်းပြီး ကလေးတွေ ကျောင်းတောင်မထားနိုင်ဘူး။ အခုဟာက ဟိုဘက်တပ်မ ၄၁၃ က တောင်သူတွေကို ပြန်လုပ်စားပိုင်ခွင့် ပေးထားပြီးပြီး။ ခက်နေတာက ကျွန်မတို့လယ်ယာ မြေတွေကို တပ်မ (၄၁၄)က အခုထိ ပြန်လုပ်ပိုင်ခွင့် မပေးသေးလို့ အခုလို တောင်သူတွေစုပြီး ထွန်တုံးတိုက်ပွဲ လုပ်ရတာပါ။ ကျွန်မတို့ အနေနဲ့ကတော့ ကိုယ့်လယ်ယာမြေကို ပြန်ရရင် ကျေနပ်ပါတယ်" ဟု သပြေကုန်းအုပ်စု ခေတ်အေးကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
နေပြည်တော် ကောင်စီနယ်မြေ လယ်ဝေးမြို့တွင် သပြေပင်အုပ်စုရှိ လယ်ယာမြေများအား တပ်မတော်မှ ၂၀၀၅ ခုနှစ်မှ ၂၀၀၉ ခုနှစ်များတွင် မှောက်ခုံချောင်းအထိ သိမ်းဆည်းခဲ့သော လယ်ယာမြေများအတွက် ၂၀၁၀ ခုနှစ်တွင် လယ်ယာမြေများအတွက် နစ်နာကြေး လယ်တစ်ဧကလျှင် နှစ်သိန်းကျပ်၊ ယာမြေတစ်ဧကလျှင် တစ်သိန်းကျပ် ပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။