Friday, May 24, 2013

ကြည့်မြင်တိုင်မြို့နယ်ရှိ အမှိုက်ပုံးတစ်ခုအတွင်းမှ ပစ္စတို တစ်လက်နှင့် လက်နက်သုံးမျိုး၏ ကျည်ဆန်အတောင့် ၁၀၀ ကျော် တွေ့ရှိ



pistol-may22
သေနတ်နှင့် ကျည်ဆန်များ တွေ့ရှိခဲ့သော အမှိုက်ပုံးအား တွေ့ရစဉ်
ကြည့်မြင်တိုင်မြို့နယ် ဗိုလ်သူရလမ်းနှင့် ပိတောက်ပင် လမ်းထောင့်ရှိ အမှိုက်ပုံးအတွင်းမှ ပစ္စတိုတစ်လက်နှင့် လက်နက်အမျိုးအစား သုံးခု ကျည်ဆန်အတောင့် ၁၀၀ ကျော် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

မေ ၂၀ ရက် ညနေ ၃ နာရီ ၄၅ မိနစ်က မြို့နယ်သန့်ရှင်းရေး တာဝန်ခံရုံးမှ နေ့စားဝန်ထမ်း မသင်းမြတ်စိုး (၃၂ နှစ်) သည် ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးအရှေ့ရပ်ကွက်၊ ဗိုလ်သူရလမ်းနှင့် ပိတောက်ပင် လမ်းထောင့်ရှိ အမှိုက်ပုံးအတွင်းမှ အမှိုက်ထုပ်များကို တွန်းလှည်းပေါ်တင်၍ ကျောင်းကြီးလမ်းနှင့် ဗိုလ်သူရလမ်းထောင့်ရှိ အမှိုက်ကန်သို့ သွားရောက်သွန်ခဲ့ကြောင်း သိရသည်။
ထိုအချိန်တွင် ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသည့် အိတ်တစ်လုံးအား မသင်္ကာဖွယ် တွေ့ရှိ၍ ကမ်းနားလမ်းရှိ မြို့နယ်သန့်ရှင်းရေး တာဝန်ခံရုံးသို့ သွားရောက် အပ်နှံခဲ့ကြောင်း၊ ဌာနခွဲမှူးမှ စစ်ဆေးခဲ့ရာ ပစ္စတိုတစ်လက်နှင့် ကျည်ဆန်များကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ထိုအခါ ဌာနခွဲမှူးမှ ကြည့်မြင်တိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ အကြောင်းကြားရာ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် စခန်းမှူးတို့မှ သွားရောက် စစ်ဆေးခဲ့သည်။
အဆိုပါ တွေ့ရှိရသော လက်နက်ခဲယမ်းများမှာ ၃၈ ပစ္စတိုအသေး စတီးရောင်တစ်လက်၊ နံပါတ် ၁၇၇၃၇၄ (ဒင်အဖုံးတွင် STAR TRADE MARK စာတမ်းပါ (အကောင်း)၊ ကျည်ဘောက် စတီးရောင်တစ်ခု (အကောင်း)၊ ၎င်းသေနတ်သုံး ကျည် ၁၃ တောင့် (အဟောင်း)၊ ပစ္စတိုထည့် အိတ်အနက်ရောင် တစ်ခု၊ M-၁၆ ကျည်ကတ် အတိုတစ်ခု (အဟောင်း)၊ M-၁၆ ကျည် ၅ ဒသမ ၅၆ နံပါတ်ပါ ၅၆ တောင့် (အဟောင်း)၊ ၉ မမ ကျည် ၂၂ တောင့် (အဟောင်း) နှင့် ကာဘိုင်ကျည် ၁၁ တောင့် (အဟောင်း) တို့အား သိမ်းဆည်းရမိခဲ့ပြီး ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။
"ကျွန်မ ညနေ ၃ နာရီကျော် အချိန်လောက်မှာ အမှိုက်ပုံးထဲက အမှိုက်တွေကို ထုတ်တယ်။ ပြီးတော့ တွန်းလှည်းနဲ့ အမှိုက်ကန်ဘက်ကို တွန်းသွားပါတယ်။ အမှိုက်ကန်ကို ရောက်တော့ တွန်းလှည်းထဲက အမှိုက်ထုပ်တွေကို အမှိုက်ကားပေါ် ပစ်တင်တယ်။ ပစ်တင်နေတုန်းမှာပဲ အထုပ်တစ်ထုပ်က လေးလို့ဆိုပြီး ကျွန်မက ဖြေကြည့်လိုက်တယ်။ အထုပ်ထဲမှာ မျက်နှာသုတ်ပ၀ါ အ၀ါနဲ့ ကြွပ်ကြွပ်အိတ်တစ်ထုပ်ကို တွေ့တယ်။ အဲဒါနဲ့ ကျွန်မလည်း စည်ပင်လူကြီးတွေဆီ အကြောင်းကြားလိုက်တာပါ" ဟု သန့်ရှင်းရေးဝန်ထမ်း မသင်းမြတ်စိုးက ဆိုသည်။
ကြည့်မြင်တိုင် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက "ကျွန်တော်တို့ သိမ်းဆည်းရမိတဲ့ သေနတ်နဲ့ ကျည်ဆန်တွေကို မေ ၂၀ ရက်နေ့ ညပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကို အပ်လိုက်ပါတယ်" ဟု ပြောကြားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။