Friday, May 24, 2013

ကျောင်းအပ်နှံရေး သီတင်းပတ် လုပ်ငန်းများကို တစ်နိုင်ငံလုံး အတိုင်းအတာအရ မေ ၂၅ရက်မှ ၃၁ ရက်အထိ မြို့နယ်အားလုံးတွင် ဆောင်ရွက်မည်


၂၀၁၃-၁၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ် လုပ်ငန်းများကို တစ်နိုင်ငံလုံး အတိုင်းအတာအရ မေ ၂၅ ရက်မှ ၃၁ ရက်အထိ မြို့နယ်အားလုံးတွင် လှုပ်ရှားဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပညာရေး ၀န်ကြီးဌာနမှ သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ကျောင်းသားဦးရေ များပြားသော နာမည်ကြီး ကျောင်းအချို့၌ အဆိုပါ ကျောင်းအပ်နှံရေး သီတင်းပတ်ကာလ မရောက်မီကတည်းကပင် ကြိုတင်ကျောင်းအပ် လက်ခံမှုများ ပြုလုပ်ခဲ့ကြသော်လည်း အဆိုပါ ကျောင်းအပ်နှံရေးကာလ အတွင်းတွင်လည်း ကျောင်းအပ်နှံမှုများကို လက်ခံဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကျောင်းအပ် လက်ခံရာတွင်လည်း အခြေခံပညာ မူလတန်းအဆင့်တွင် မသင်မနေရ မူလတန်းပညာရေး စနစ်ကို ဦးတည်ပြီး ၂၀၁၃-၁၄ ပညာသင်နှစ်တွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူအားလုံးသို့ တစ်ဦးလျှင် ကျောင်းသုံးစာအုပ် အပြည့်အစုံ၊ လေ့ကျင့်ခန်းစာအုပ် ခြောက်အုပ်စီနှင့် ငွေကျပ် ၁၀၀၀ စီ တို့ကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
''ကျောင်းအပ် လက်ခံမှုတွေကို တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ကျောင်းအပ်နှံရေး သီတင်းပတ် အတွင်းမှာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အခမဲ့ မသင်မနေရ မူလတန်း ပညာရေး အစီအစဉ်ကို ဖော်ဆောင်ဖို့အတွက် ၂၀၁၃-၁၄ ပညာသင်နှစ်မှာ အရင်နှစ်တွေ တုန်းကလို ကျောင်းသုံးဖတ်စာအုပ်၊ လေ့ကျင့်ခန်းစာအုပ်တွေ အပြင် ငွေကျပ် ၁၀၀၀ စီကိုပါ ထောက်ပံ့သွားမှာ ဖြစ်ပါတယ်'' ဟု ပညာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
အလှူငွေကောက်ခြင်း မပြုရန်၊ ဗလာစာအုပ်၊ စာရေးကိရိယာနှင့် မည်သည့် ပစ္စည်းမျိုးမှ မယူမနေရ ရောင်းချခြင်း မပြုရန် ထုတ်ပြန်ထားကြောင်း သိရသည်။
၂၀၁၂ ခုနှစ် စာရင်းများအရ တစ်နိုင်ငံလုံးတွင် အခြေခံပညာ ကျောင်းပေါင်း ၅၂၁၆၁ ကျောင်းရှိပြီး ကျောင်းသားကျောင်းသူ ၈၂ သိန်းကျော် တက်ရောက်နေကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။