Friday, May 24, 2013

ဒေါ်လာအတက် မီးအပျက်ကြောင့် ဆန်ဈေးကွက် မာလာ

ရန်ကုန် (မဇ္ဈိမ)။   ။ ပြည်တွင်းဈေးကွက်တွင် ဒေါ်လာဈေးများ တက်နေမှုနှင့် လျှပ်စစ် မီးပျက်မှုများကြောင့် ဆန်စက်အချို့ လည်ပတ်မှု ရပ်ဆိုင်းထားရသဖြင့် ဆန်ဈေးများ ခိုင်လာသည်ဟု ဆန်ကုန်သည်များက ဆိုသည်။

“ဒေါ်လာဈေးက ဆက်တိုက်တက်နေတယ်။ မနေ့က ၉၃၇-၉၄၇ ကျပ်။ ဒီနေ့ဆို ၉၃၇-၉၄၇ ကျပ်အထိ ဖြစ်လာ တယ်။ သင်္ကြန်မတိုင်မီကထက် ၇ ရာခိုင်နှုန်း၊ ၈ ရာခိုင်နှုန်းလောက် တက်လာတယ်။ နယ်စပ်ကုန်သွယ်ရေး ကတဆင့် တင်ပို့ရောင်းချသူတွေအတွက် ဒေါ်လာဈေး တက်လာတာကြောင့် မြန်မာငွေ ပိုရတယ်။ ဒီ အနေအထားက ဆန်ပိုဝယ်ဖြစ်မယ်။ တင်ပို့မှု ပိုနိုင်တယ်။ ဒီအနေအထားကြောင့် ဆန်ဈေးကွက်ထဲမှာ ဝယ်လိုအား လိုက်ပြီး ပစ္စည်း နည်းသွားနိုင်တာကလည်း ဈေးတက်မှုကို ဖြစ်စေပါတယ်” ဟု ဆန်စပါး အဖွဲ့ချုပ်မှ ဦးမျိုးသူရအေး က သုံးသပ်သည်။



ထို့အပြင် ဤရက်ပိုင်းများအတွင်း လျှပ်စစ်မီး ပြတ်တောက်မှု များနေခြင်းကလည်း လျှပ်စစ်အားပြု လည်ပတ်
နေသည့် ဆန်စက်များ အတွက် ဆန်ကြိတ်ခွဲနိုင်မှုကို ရပ်ဆိုင်းထားရသည်ဟု ဆိုသည်။

“ဘွိုင်လာနဲ့ လည်တဲ့ စက်တွေလောက်ပဲ လည်နိုင်တယ်။ ဒီစက်တွေရဲ့ အနေအထား ကျတော့လည်း ခုလို မိုးကျကာစဆိုရင် ဆန်စက်တွေဆီ လာလို့ရတဲ့ လှည်းလမ်းတွေ ပျက်ကုန်တာရယ်။ လှေနဲ့ လာဖို့ကျတော့ လည်း ချောင်းတွေက ရေမပြည့်သေးတော့ လှေနဲ့လည်း ဝင်မရတာတွေကြောင့် ဘွိုင်လာနဲ့ လည်တဲ့ စက်တွေအတွက် ကုန်ကြမ်းစပါး အဝင်နည်းနေတယ်” ဟု ဆန်စက်လုပ်ငန်းရှင် ဦိးလှသိန်း က ပြောသည်။

ထို့ပြင် ဆန်စက်အများစုမှာ နှစ်စဉ် ဆန်စက် စစ်ဆေးမှုများကို ယခုကဲ့သို့ လှည်းလမ်း၊ လှေလမ်း ပျက်ချိန် မိုးရာသီ အစပိုင်းတွင် လုပ်လေ့ရှိကြသည်။

ရန်ကုန် ဈေးကွက်အတွင်း ၁၀၈ ပေါင်တိုက် (၂၄ ပြည်ခန့်) ဆန် ၁ အိတ်လျှင် ကျပ် ၁၀၀၀ ခန့် တက်လာကြောင်း ဝါးတန်းလမ်းမှ လက်ကား ကိုယ်စားလှယ်များက ဆိုသည်။

“ဧည့်မထနဲ့ ဇီယာ အပါအဝင် ဆန်ကြမ်း ၁ အိတ်ကို ၁၇,၅၀၀ ကျပ်ကနေ ၁၈,၀၀၀ ကျပ်ထိ ရှိတယ်။ ဆန်ချော (ပေါ်ဆန်း) ၁ အိတ်ကို ၂၁,၀၀၀ ကနေ ၂၄,၅၀၀-၃၀,၀၀၀ ကျပ်အထိ ရှိလာတယ်။ အရင် အပတ်ထက်စာရင် ဆန် ၁ အိတ်ကို ကျပ် ၁,၀၀၀ လောက် တက်လာပါတယ်။ ပေါ်ဆန်းမှာ ရွှေဘိုပေါ်ဆန်း က ဈေးအမြင့်ဆုံးမှာပဲ ဆက်ရှိနေပါတယ်” ဟု ဆန်ကုန်သည် ဒေါ်အေးမြင့် က ပြောသည်။

လက်ရှိဆန်ဈေးကွက်မှာ ဇွန်လ လယ်လောက်အထိ ဒေါ်လာဈေးပေါ် အဓိက မူတည်၍ ပြောင်းလဲနိုင်
ကြောင်းလည်း ဆန်ကုန်သည်များက ခန့်မှန်း ပြောဆိုနေကြသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။