Friday, April 5, 2013

အင်ဒိုနီးရှား ထိန်းသိမ်းရေးစခန်းတွင်း မြန်မာ အုပ်စုချင်း ခိုက်ရန်ဖြစ်၊ ရှစ်ဦး သေဆုံး

နယူးဒေလီ (မဇ္ဈိမ)။   ။ အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားထြားကျွန်းပေါ်ရှိ ထိန်းသိမ်းရေးစခန်းတခုတွင် မြန်မာများအကြား
သောကြာနေ့ နံနက်က တိုက်ခိုက်မှုများ ဖြစ်ပွားပြီး လူ ရှစ်ဦး သေဆုံးခဲ့ကာ ၁၅ ဦး ဒဏ်ရာရရှိသွားကြောင်း ရဲအရာရှိက ပြောသည်။


ဒေသစံတော်ချိန် နံနက် ၂ နာရီခန့်တွင် ဆူမထြားခရိုင် မြောက်ပိုင်း Medan လဝက ထိန်းသိမ်းရေး စခန်း၌ ဗုဒ္ဓဘာသာနှင့် မူဆလင်အကြား ခိုက်ရန်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ရဲဌာန ပြောခွင့်ရပုဂ္ဂိုလ် Heru Raden Prakoso အား ကိုးကား၍ International The News သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

အဆိုပါ ထိန်းသိမ်းရေးစခန်းတွင် အင်ဒိုနီးရှား ကမ်းခြေ၌ လှေများပေါ်မှ ဖမ်းဆီးရမိခဲ့သည့် ရိုဟင်ဂျာ ၁၀၀ ကျော်နှင့် တရားမဝင် တံငါ ၁၁ ဦး ထိန်းသိမ်းထားခြင်းကြောင်း သေတွင်း ရဲမှူးကြီး Endro Kiswanto က ဆိုသည်။                                             

မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခများအပေါ် ငြင်းခုန်ကြရာမှ ကျောက်ခဲများ၊ ဓားများဖြင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရသည်ဟု မျက်မြင်သက်သေများက ပြောဆိုကြောင်း ရဲမှူးကြီးက ဆိုသည်။ သေဆုံးသူ ရှစ်ဦးလုံးမှာ ဗုဒ္ဓဘာသာဝင်များချည်း ဖြစ်ကာ ကျန် ဗုဒ္ဓဘာသာဝင် သုံးဦးမှာ ဒဏ်ရာရရှိမှုမဖြစ်ဘဲ ရိုဟင်ဂျာ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြကြောင်း ရဲမှူးကြီးအား ကိုးကား၍ လန်ဒန် အခြေစိုက် The Guardian သတင်းတရပ်တွင်
ဖော်ပြပါရှိသည်။

ထိန်းသိမ်းရေး စခန်းအတွင်း မည်သို့ ဓားများ ရောက်ရှိလာပုံ အပါအဝင် ဖြစ်ပျက်မှု အလုံးစုံကို စုံစမ်းစစ်ဆေးနေဆဲ
ဖြစ်ကြောင်း ရဲမှူးကြီး Endro Kiswanto က ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။