Friday, April 5, 2013

လုံခြုံရေးအကူအညီဖြင့် ဘာသာရေးစတေကာများအား လူငယ်များ ဖြန့်ဝေနေ


ပြည်တွင်းရှိ လူငယ်အန်ဂျီအိုအဖွဲ့အစည်းအချို့က မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများ ငြိမ်းအေးစေ ရေးအတွက် ဘာသာရေးဆိုင်ရာ စတစ်ကာများကို အာဏာပိုင်အချို့၏ လုံခြုံရေးအကူအညီဖြင့် မြို့နယ်(၃)ခု နေ ပြည်သူများထံသို့ ဧပြီလ (၅)ရက်နေ့ နံနက်(၈)နာရီမှ စတင်ကာ ဝေငှလျက်ရှိကြောင်း ရှိသည်။

လူငယ်အန်ဂျီအိုအဖွဲ့အချို့မှ လိုက်လံဝေသည့် စတစ်ကာများမှာ “ ဘာသာ ၊ လူမျိုး  မခွဲခြား မြန်မာနိုင်ငံသား “ နှင့် “ကျွနိုပ်ကြောင့်လူမျိုးရေး ၊ ဘာသာရေး ပဋိပက္ခ မဖြစ်စေရ…” ဟူသည့် စတစ်ကာများဖြစ်သည်။

မငြိမ်မသက်ဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် အမြန်ဆုံး ငြိမ်းချမ်းချင်တဲ့စိတ်နဲ့ ကျွန်တော်တို့ လုပ်တာပါ။ ဒီကိစ္စတွေ ငြိမ်းချမ်းဖို့ သမ္မတမိန့်ခွန်းအရ ကျွန်တော်တို့ ကူညီတာပါ။ ဟု မဇ္ဈိမလူငယ်ကွန်ယက်မှ အဖွဲ့ဝင် မောင်အောင်နိုင်စိုးက ပြောသည်။

မဇ္ဈိမလူငယ်ကွန်ယက် ၊ ပန်းပျိုးလက်နှင့် ကချင်ပြည်နယ် လိုင်ဇာသို့လမ်းလျှောက်ချီတက်ခဲ့သည့် အဖွဲ့များ အပါအ၀င် အခြားလူငယ်အန်ဂျီအို အဖွဲ့ဝင် (၄၀)၀န်းကျင်ခန့်က ကမာရွတ်မြို့နယ်ရှိ လှည်းတန်း ၊ စမ်းချောင်း မြို့နယ်မြေနီကုန်းနှင့် မင်္ဂလာတောင်ညွှန့်မြို့နယ် မင်္ဂလာဈေးနှင့် ယုဇနပလာဇာများသို့ သွားရောက်ကာ စတစ်ကာများ ပေးဝေမည်ဖြစ်ကြောင်း မဇ္ဈိမလူငယ်ကွန်ယက်က သိရှိရသည်။

အန်ဂျီအိုလူငယ်အချို့သည် စတစ်ကာများကို ပြည်သူထံသို့ ဝေငှရန် သက်ဆိုင်ရာအာဏာပိုင်များနှင့် မြန်မာငြိမ်းချမ်းရေး စင်တာ (Myanmar Peace Centre) သို့အကြောင်းကြားကာ သက်ဆိုင်ရာ အာဏာပိုင်များ မှလည်း အဆိုပါ အန်ဂျီအိုလူငယ်များကို အရပ်ဝတ်များဖြင့် လုံခြုံရေးတာဝန်ယူပေးလျက်ရှိသည်ဟု ၄င်းက ဆက်ပြောသည်။

 ခွင့်ပြုချက် တောင်းထားပြီးသားပါ ကျွန်တော်တို့မှာလည်း လုံခြုံရေးပါ ပါတယ်။ အာဏာပိုင်လုံခြုံရေး ထည့်ပေးထားပါတယ်။ Myanmar Peace Centre ကို အကြောင်းကြားထားပါတယ်။ အဲ့ဒီကနေ တစ်ဆင့် နယ်မြေခံတွေနဲ့ ကျွန်တော်တို့ကို ချိတ်ပေးထားပါတယ်။ ယူနီဖောင်း မဟုတ်ဘဲ အရပ်ဝတ်နဲ့ အာဏာပိုင်တွေ ပါပါတယ်။ ဟု အောင်နိုင်စိုးက ပြောသည်။

နိုင်ငံတော်သမ္မတအနေဖြင့် ပြည်တွင်း၌ တည်ငြိမ်အေးချမ်းမှုမရှိဘဲ ဆူပူမှုများ ဖြစ်ပေါ်နေမည်ဆိုပါက တိုင်းပြည် အတွက် အခွင့်အလမ်းများ ဆုံးရှုံးနိုင်ကြောင်း စည်းကမ်းရှိသည့် ဒီိမိုကရေစီ ဖြစ်ပေါ်လာစေရန် ပြည်သူအားလုံး ၀ိုင်းဝန်းကူညီပံ့ပိုးပေးရန်လိုအပ်ကြောင်း ၂၀၁၃ခုနှစ် မတ်လ (၃)ရက်နေ့တွင် နိုင်ငံတော်သမ္မတမှ ရေဒီယိုက တစ်ဆင့် မိန့်ခွန်းပြောပြချက်အရ သိရှိရသည်။

တိုင်းပြည်တည်ငြိမ်အေးချမ်းမှု မရှိဘဲ ဆူဆူပူပူဖြစ်နေရင်တော့ ကျွန်တော်တို့ တိုင်းပြည်အတွက် အခွင့် အလမ်းတွေ ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိဘပြည်သူများအားလုံးက တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ရှိအောင် ၀ိုင်းဝန်ကူညီဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် ဟု မတ်လ (၃၁)ရက်နေ့၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောကြားခဲ့သည်။

လူငယ်အန်ဂျီအိုများအနေဖြင့်လည်း သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းအရ စတစ်ကာဝေငှခြင်းဖြင့် ငြိမ်းချမ်းရေးရရှိ ရန် ကြိုးပမ်းနေပြီး ပြည်သူများအနေဖြင့်လည်း ငြိမ်းချမ်းရေးအတွက် ပါဝင်လာစေရန် ရည်ရွယ်ကာ ညနေ(၅)နာရီ အထိ ပြည်သူများထံသို့ ဝေငှသွားမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။