Friday, April 5, 2013

ပျောက်ဆုံးနေသူ ကိုရဲမင်းဦးကို ပုဒ်မ ၅၀၅ (ခ)ဖြင့် ရုံးထုတ်


ပုဒ်မ ၅၀၅ (ခ)ဖြင့် အစိုးရမှ စွဲချက်တင်ခံထားရသူကိုရဲမင်းဦးကို အနောက်ပိုင်းခရိုင်တရားရုံးတွင် ဧပြီလ(၄)ရက်နေ့၌ ရုံးထုတ် ရမန်ပေးခဲ့သည်။

ကိုရဲမင်းဦးကို မတ်လ(၂၅)ရက် ည(၉း၀၀)နာရီတွင် အနောက်ပိုင်းခရိုင်ရဲမှုးနှင့်အဖွဲ့က ဆွေးနွေးစရာရှိသည်ဟု လာရောက်ခေါ်ယူခဲ့ဖြင်းဖြစ်ကြောင်းနှင့်၎င်းမှာ  အင်းစိန်ထောင်၌ အချုပ်ခံထားရသူဖြစ်ကြောင်းကိုလည်း သိရှိရသည်။ အစိုးရမှ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ၉၆၉ ဆရာတော်များပဋိပက္ခဖြစ်စဉ်များ၏ နောက်ကွယ်၌ ကြိုးကိုင် လှုပ်ရှား နေသူဟု စွဲချက်တင်ခံနေရသူလည်းဖြစ်သည်။


 “နိုင်ငံတော်မှာ တရားဟောနေတဲ့ နိုင်ငံကျော် ဓမ္မကထိက ဆရာတော်တွေကို ကျွန်တော်က ညွှန်ကြားနေတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး။ ၉၆၉ ဆရာတော်တွေ ရွှေည၀ါ ဆရာတော်တို့ကို ညွှန်ကြားနေတယ်ဆိုတာ ကျွန်တော်လို ဗုဒ္ဓဘာသာ ၀င် လူငယ်တစ်ယောက်အနေနဲ့ လုံးဝမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုမရှိသေးဘူး လူတစ်ယောက်ကို ဖမ်းချင်တိုင်းဖမ်း အချုပ်ထဲကိုထည့် လုပ်ချင်သလိုလုပ် အမှုတွေဆွဲ မတရား လုပ်ဆောင်နေတုန်းပါဘဲ ဟု တရားစွဲခံထားရ သူ ကိုရဲမင်းဦးမှ ရုံးထုတ်စဉ်က ပြောကြားခဲ့သည်။

မတ်လ(၂၅)ရက်နေ့ ည(၉း၀၀)နာရီက အနောက်ပိုင်းခရိုင် ရဲမှုးနှင့်အဖွဲ့မှ ဖမ်းဝရမ်းမပါရှိပဲ ဆွေးနွေးစရာရှိသည် ခေတ္တ လိုက်ခဲ့ပါဟု လာရောက်ခေါ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အနောက်ပိုင်းခရိုင်မှသည် အရှေ့ပိုင်းခရိုင်၊ အောင်သပြေစစ်ကြောရေး စခန်းများ၌ (၂၄)နာရီ ဆက်တိုက် စစ်ကြောရေး အ၀င်ခံခဲ့ရကြောင်းကိုလည်း ကိုရဲမင်းဦးက ဆိုသည်။

 “နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာပါ၊ ရဲမှုး အဖွဲ့က ခေါ်သွားတာပါ။ ဖမ်းပြီး ၂၄ နာရီ တောက်လျှောက်စစ်ပါတယ်၊ အောင်သပြေမှာလည်း မရပ်မနား ၂၄ နာရီ ထပ်စစ်ပါတယ်။ အနောက်ပိုင်း ခရိုင်မှာလည်း စစ်ပါတယ်။ စစ်ကြောရေးက စစ်ကြောရေးကို ဖြတ်သန်းခဲ့ဘူးသူတိုင်း သိပါတယ်။ ဆရာတော်တွေ ကျွန်တော်တို့ကို ဓါးစာခံလုပ်နေတာ အပြစ်ပို့ချပြီးတော့ စစ်ကြောရေးလုပ်တာ ရုံးထွက်မယ်ဆိုတာလည်း မသိရဘူး အင်းစိန်ထောင်ထဲ ထည့်လိုက်တာလည်း မသိရဘူး သူတို့ဟာနဲ့ သူတို့ စီစဉ်နေတာဟု ကိုရဲမင်းဦးက ပြောသည်။

ရုံးထုတ်လာစဉ်တွင် လက်ထိပ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ဆရာတော်များ၊ မိသားစုဝင်များ၊ မိတ်ဆွေများ၊ မီဒီယာသမားများနှင့် တွေ့ဆုံစကားပြောခွင့် မပေးသောကြောင့် အနောက်ပိုင်းခရိုင်တရားရုံးရှေ့၌ ရုန်းရင်းဆန်ခတ်မှုပုံစံတစ်ခုဖြစ်ပွားခဲ့ ကြောင်း ကိုလည်း သိရှိရသည်။

စွပ်စွဲခံထားရတုန်းဘဲ တရားခံ မဟုတ်သေးဘူး။ ဧည့်တွေ့ခွင့် ပေးရမယ်။ မိသားစုနဲ့ တွေ့ဆုံခွင့်ပေးရမယ်။ သူရဲ့ ရှေ့နေနဲ့ တွေ့ခွင့်ပေးရမယ်။ ဒါတွေ ဘာတစ်ခုမှ မလုပ်ပေးဘဲနဲ့ အခုပုံစံက အရင်အာဏာရှင်စနစ်ပုံစံနဲ့ တိတ်တဆိတ်လာတယ်။ တိတ်တဆိတ်ပြန် ခေါ်သွားမယ်ဆိုတာမျိုး ဖြစ်နေတယ်။ အဲဒါမျိုးကို ကျွန်တော်တို့အနေနဲ့ အလိုမရှိဘူး။ ဒါကြောင့် တားပြီး စကားပြောလို့ ခုလိုမျိုး သွားတာပါ ဟု ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေးကော်မတီမှ ကိုရဲမြတ်ဟိန်းကပြောသည်။  

မတ်လ(၂၅) ရက်နေ့ ည(၉း၀၀)နာရီ ရန်ကုန်မြို့ ကြေးသွန်းဘုရားကြီးရှေ့တွင် အရပ်ဝတ်လူတချို့နှင့် စကားပြောပြီး ကားတစ်စီးဖြင့် ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး တစ်ပတ်ခန့်ပျောက်ဆုံးနေကာ မိသားစုဝင်များအနေဖြင့် ဧပြီ (၁) ရက်နေ့မှ ကိုရဲမင်းဦးကို အင်းစိန်ထောင်၌ ပုဒ်မ ၅၀၅ (ခ)ဖြင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရခြင်း ဖြစ်သည်။

မည်သည့်အကြောင်းကြောင့် ဖမ်းတယ် ဘယ်ဌာနကဖမ်းသလဲ မသိရဘူး၊ ဥပဒေပုဒ်မရှာမရတဲ့အခါကျတော့ ၅၀၅ (ခ)နဲ့ တပ်လိုက်တယ် လူတစ်ယောက်ကို ၂၄ နာရီ ချုပ်ပိုင်ခွင့်ရှိတယ်ဆိုတာကို ရဲမင်းဦးကို ၇ ရက်ပြည့်မှ ဗဟန်းရဲစခန်းက ၅၀၅ (ခ)နဲ့ ဖမ်းထားတယ် အင်းစိန်မှာ ရှိပါတယ်ဆိုတာက တရားဥပဒေစိုးမိုးမှု မရှိဘူး။ ဒီမိုကရေစီ ကျင့်သုံးနည်းတွေနဲ့ လုံးဝ ဆန့်ကျင်နေတယ်။ ရဲမင်းဦးမှာ ဘာသာရေးအဓိကရုန်း လူမျိုးရေး အဓိကရုဏ်း ဖန်တီးတာတစ်ခုမှမရှိဘူး ဟု မကွေး ကျောင်းတိုက် ဆရာတော် ရှင်ပါမောက္ခ က မိန့်ကြားသည်။

အနောက်ပိုင်းခရိုင် ရဲမှုးဦးယုကြည်က တရားလိုပြုလုပ်၍ ကိုရဲမင်းဦးကို ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ကိုလည်း သိရသည်။

လူတစ်ယောက်ကို (၂၄)နာရီ ထပ်ပိုပြီး အကြောင်းမဲ့ မချုပ်ရဘူးဆိုပြီး ကိုယ်တို့နိုင်ငံမှာက ဥပဒေကရှိပြီးသား၊ သူ့ကိုခုလို ချုပ်ထားတဲ့ကိစ္စရယ် ၀ရမ်းမပါဘဲ ခေါ်သွားတဲ့ကိစ္စတွေ သူကိုလာခေါ်တဲ့ အချိန်တုန်းက အကုန်လုံးက အရပ်ဝတ်တွေနဲ့ပဲ အဖွဲ့စည်းတစ်ခုအနေနဲ့ဆို သက်ဆိုင်ရာ ယူနီဖောင်းတွေပါရမယ် ရပ်ကွက်လူကြီးတွေပါရမယ် ၀ရမ်းပါရမယ်။ ဒီလိုမှ ခေါ်ယူ ထိန်းသိမ်းခွင့်ရှိတာ ခုလိုမျိုးမဟုတ်ဘူး၊ ပြန်ပေးဆွဲသလိုမျိုးဆွဲသွားတာ ဒီလိုပုံစံမျိုးက လက်ခံနိုင်စရာ မရှိဘူး ဟု (၈၈) မျိုးဆက်ကျောင်းသား အဖွဲ့မှ ကိုချစ်ကိုလင်းက ပြောသည်။

ပုဒ်မ ၅၀၅ (ခ)မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မပြီး ထောင်ဒဏ် (၂)နှစ် (သို့) ငွေဒဏ် (၁၀၀၀၀)ကျပ်နှင့် နှစ်မျိုးစလုံးပေါင်း၍လည်း ကျခံရနိုင်ကြောင်းကိုလည်း သိရသည်။

ဧပြီလ(၂၃)ရက်နေ့တွင် ဒုတိယအကြိမ်မြောက် ရုံးထုတ်မည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်းက သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။