Friday, April 5, 2013

အင်ဒိုနီးရှား-မြန်မာ ကုန်သွယ်မှု ၂၀၁၆ တွင် ဒေါ်လာသန်း တထောင်ဖြစ်ရန် မှန်း

ရန်ကုန် (မဇ္ဈိမ)။   ။ အင်ဒိုနီးရှားနှင့် မြန်မာ ကုန်သွယ်မှု ပမာဏကို လာမည့် ၂၀၁၆ ခုနှစ်တွင် ဒေါ်လာ ၁ ဘီလီယံထိ ရောက်ရှိလာရန် နှစ်နိုင်ငံ ခေါင်းဆောင်များ ဆွေးနွေးခဲ့ကြသည်။

နေပြည်တော်တွင် ကုန်သွယ်ရေးဝန်ကြီး ဦးဝင်းမြင့်နှင့် အင်ဒိုနီးရှား စီးပွားရေးဝန်ကြီး ဟတ္တာ ရာဂျာဆာ (Hatta Rajasa)တို့ ဧပြီလ ၂ ရက်နေ့က တွေ့ဆုံဆွေးနွေးအပြီး အင်ဒို နိုင်ငံပိုင် လုပ်ငန်းများ ဝန်ကြီး ဒါလန် အစ္စကန် (Dahlan Iskan)က ပြောကြားရာတွင် ၎င်းတို့၏ ကုမ္ပဏီကြီး သုံးခု မြန်မာနိုင်ငံတွင် လုပ်ကိုင်ရန် လိုင်စင်ရပြီးကြောင်း ထုတ်ဖော်ပြောကြားသွားသည်။



၎င်းတို့မှာ ဆောက်လုပ်ရေး ကုမ္ပဏီတခုဖြစ်သည့် PT Wijaya Karya (Wika)၊ PT Timah သတ္တုတွင်း ကုမ္ပဏီနှင့် PT Semen Indonesia ဘိလပ်မြေ ကုမ္ပဏီတို့ ဖြစ်ကြသည်။

ဒေါ်လာသန်း ၂၀၀ တန် ဘိလပ်မြေ စက်ရုံတရုံကို အင်ဒိုနီးရှား၏ အကြီးမားဆုံး ဘိလပ်မြေ ထုတ်လုပ်သူ PT Semen Indonesia က ၂၀၁၄ နှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံ၌ စတင် ဆောက်လုပ်မည်ဟု ဂျာကာတာ ပို့စ် သတင်းတရပ်တွင် ပါရှိသည်။

ဘိလပ်မြေ စက်ရုံနှင့် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ် ဓာတ်အားပေးရုံများ လာရောက် တည်ဆောက်လုပ်ကိုင်ရန် မြန်မာ အာဏာပိုင်များက အင်ဒိုနီးရှားကို ဖိတ်ခေါ်ထားကြောင်း အင်ဒိုနီးရှား စီးပွားရေး ဝန်ကြီး ဟတ္တာ ရာဂျာဆာ က ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် အင်ဒိုနီးရှား စီးပွားလုပ်ငန်းများ လာရောက်လုပ်ကိုင်ရန် လိုလားလျက် ရှိကြောင်း ၎င်း၏ ကိုယ်ပိုင် အင်တာနက် စာမျက်နှာတွင် မစ္စတာ ဟတ္တာ က အင်ဒိုနီးရှား ဘာသာဖြင့် ရေးသားထားကြောင်း ဂျာကာတာ ဂလုပ် သတင်းတရပ်က ဆိုသည်။

အင်ဒိုနီးရှား နိုင်ငံပိုင် Bank Negara Indonesia ဘဏ်ခွဲတခု ဖွင့်လှစ်ရန် လေ့လာလျက်ရှိကြောင်းလည်း ဝန်ကြီး ဟတ္တာက ဆိုသည်။

“မြန်မာနိုင်ငံမှာ BNI ရဲ့ ဘဏ်ခွဲ တခုဖွင့်ဖို့အတွက် ကျနော်တို့ လေ့လာစူးစမ်းမှုတွေ လုပ်နေပါတယ်” ဟု ၎င်း၏ ကိုယ်ပိုင် ဝဘ်ဆိုက်တွင် ရေးသားထားသည်။

မစ္စတာ ဟတ္တာမှာ အင်ဒိုးနီးရှား အစိုးရပိုင် စီးပွားရေးလုပ်ငန်း ခေါင်းဆောင်များနှင့်အတူ ရန်ကုန်မြို့သို့
ရောက်ရှိလာပြီး စီးပွားရေး လုပ်ဖော်ကိုင်ဖက်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

“အင်ဒိုးနီးရှားတွေ ဒီကို ဝင်လာဖို့ သူတို့ (မြန်မာတွေ) တကယ်မျှော်လင့်ကြတာပါ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့နဲ့ နီးစပ်မှုတခု ရှိတယ်လို့ ခံစားကြပြီး ကျနော်တို့ ယဉ်ကျေးမှုတွေ ဆင်တူပြီး ရှည်လျားတဲ့ သမိုင်းကြောင်း ရှိကြလို့ပါ” ဟု အင်ဒို စီးပွားရေးဝန်ကြီးက မြန်မာနိုင်ငံကို ရောက်ရှိနေစဉ်အတွင်း
ရေးသားထားသည်။

အင်ဒိုနီးရှားအစိုးရပိုင် Bukit Asam ကျောက်မီးသွေး တူးဖေါ်ရေး ကုမ္ပဏီက မြန်မာနိုင်ငံတွင် အကြီးဆုံး
ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး စက်ရုံ တရုံ တည်ဆောက်ရန် အမေရိကန် ဒေါ်လာ သန်း ၈၀ ရင်းနှီးမြှုပ်နှံရန် ရှိသည်ဟုလည်း ဂျာကာတာ ဂလုပ်တွင် ရေးသားသည်။

ဧပြီ ၃ ရက်နေ့က ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် မြန်မာစီးပွားရေး လုပ်ငန်းရှင်များနှင့် အင်ဒိုနီးရှား စီးပွားရေးလုပ်ငန်းရှင်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

“လေကြောင်းလိုင်းနှင့် လေယာဉ်ဆိုင်ရာ ဝန်ဆောင်မှု၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့၊ စက်ဆီချောဆီ၊
ဆောက်လုပ်ရေး၊ ဘဏ်၊ ဆက်သွယ်ရေးနဲ့ နည်းပညာ၊ သတ္တုတူးဖေါ်ရေး၊ ဘိလပ်မြေ၊ လမ်း၊ တံတားနဲ့ အကြီးစား ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်း၊ ဓါတ်မြေသြဇာ လုပ်ငန်းတွေကို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့နဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်” ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ စီးပွားရေး လုပ်ငန်းရှင် ဦိးသောင်းထွန်း က ပြောသည်။

ဆွေးနွေးပွဲသို့ အင်ဒိုနီးရှား စီးပွားရေးဝန်ကြီး ဦးဆောင်၍ ကုမ္ပဏီ ၁၁ ခုမှ လာရောက် ဆွေးနွေးခဲ့ပြီး
မြန်မာနိုင်ငံမှ သက်ဆိုင်ရာ လုပ်ငန်းများအလိုက် စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံတွင် လိုအပ်သည့် လျှပ်စစ် ပမာဏ၏ ၃၀ ရာခိုင်နှုန်းခန့်သာ သုံးစွဲနိုင်သေးကြောင်းလည်း အင်ဒိုဝန်ကြီး၏ အင်တာနက် စာမျက်နှာတွင် မှတ်ချက်ပြုထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။