Friday, April 5, 2013

အပြည်ပြည်ဆိုင်ရာ မြေမြုပ်မိုင်း အသိမြှင့်တင်ရေးနေ့ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပ၊ မြန်မာနိုင်ငံသည် မြေမြုပ်မိုင်းဗုံးများကြောင့် လူဦးရေ ၁၀၀နှင့်အထက် သေကြေပျက်စီးသည့် နိုင်ငံများတွင် ပါဝင်နေ



w1-4-4-1
မြေမြုပ်မိုင်းဗုံး ရှင်းလင်းနေမှုကို သရုပ်ပြနေစဉ်
အပြည်ပြည်ဆိုင်ရာ မြေမြုပ်မိုင်း အသိမြှင့်တင်ရေးနေ့ (International Landmine Awareness Day) အခမ်းအနားကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အနေဖြင့် ဧပြီ ၄ ရက်နေ့က ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံတွင် စတင်ဖွင့်လှစ်မည့် ''မြန်မာနိုင်ငံ မိုင်းရှင်းလင်းရေးစင်တာ'' အကြောင်း၊ မိုင်းဒဏ်ရာရရှိသူများအား အကူအညီပေးခြင်း၊ မိုင်းအန္တရာယ် ပညာပေးအစီအစဉ်များ၊ မိုင်းရှင်းလင်းခြင်းနှင့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပတ်သက်သည်များကို မြေမြုပ်မိုင်းနှင့် ပတ်သက်၍ ပါဝင်လုပ်ဆောင်နေသည့် သက်ဆိုင်ရာ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းရှင်းလင်းပွဲတွင် ပြောကြားချက်များအရ ၂၀၁၁ခုနှစ်အတွင်း မြန်မာနိုင်ငံသည် မြေမြုပ်မိုင်းဗုံးများကြောင့် လူဦးရေ ၂၇၄ဦးခန့် သေဆုံးမှုရှိခဲ့ပြီး မြေမြုပ်မိုင်းဗုံးကြောင့် လူဦးရေ ၁၀၀နှင့်အထက် သေကြေပျက်စီးသည့် နိုင်ငံများအနက် ပဉ္စမနိုင်ငံအဖြစ် ရပ်တည်နေကြောင်း သိရသည်။
၂၀၁၁ခုနှစ်အတွင်း မြေမြုပ်မိုင်းဗုံးကြောင့် လူဦးရေ ၁၀၀ နှင့်အထက် သေကြေပျက်စီးသည့် နိုင်ငံများအနက် အာဖဂန်နစ္စတန်နိုင်ငံသည် လူဦးရေ၁၂၁၁ဦးဖြင့် ပထမနေရာတွင် ရပ်တည်နေပြီး လာအိုနိုင်ငံသည် လူဦးရေ ၁၁၇ဦးဖြင့် နောက်ဆုံးနေရာတွင် ရှိနေကြောင်း ယင်းအခမ်းအနားတွင် ပြောကြားချက်များအရ သိရသည်။
ထို့အပြင် ၂၀၁၃ခုနှစ် ဧပြီလ ၄ရက်နေ့ ရက်စွဲပါ  ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်မှ '' အပြည်ပြည်ဆိုင်ရာ မိုင်းအသိပညာပေးခြင်းနှင့် မိုင်းကြောင့် ထိခိုက်သူများအား အထောက်အကူပေးခြင်းဆိုင်ရာနေ့'' အဖြစ် ပေးပို့သည့် သ၀ဏ်လွှာကိုလည်း ယင်းအခမ်းအနားတွင် ဖတ်ကြားခဲ့သည်။
အဆိုပါ သ၀ဏ်လွှာတွင် မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်များ လုံးဝပပျောက်ရေး ကြိုးပမ်းမှုသည် ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အလွန်အရေးပါသော လုပ်ငန်းတစ်ခုဖြစ်ပြီး ထိုမှတဆင့် တိုင်းပြည်ဖွံဖြိုးမှု ဖော်ဆောင်ရန်နှင့် အသွင်ကူးပြောင်းဆဲ နိုင်ငံများအား ပံ့ပိုးနိုင်ရန် ပြည်သူများ ဘေးကင်းလုံခြုံမှုအား ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂအနေဖြင့် အာဖဂန်နစ္စတန်၊ကမ္ဘောဒီးယား၊ကိုလံဘီယာ၊လာအို၊လက်ဘနွန်၊ဆူဒန်တောင်ပိုင်း အစရှိသည့် နိုင်ငံများတွင် သန်းပေါင်းများစွာသော ပြည်သူများအတွက် အမျိုးမျိုးသော ပံ့ပိုးကူညီမှုများအား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါကြောင်း ဖော်ပြပါရှိသည်။
ထို့အပြင် နိုင်ငံပေါင်း ၁၁၆ နိုင်ငံက ၁၉၉၇ ခုနှစ် မြေမြုပ်မိုင်း တားဆီးရေးစာချုပ်ကို လက်မှတ်ရေးထိုးထားခြင်း၊ နိုင်ငံပေါင်း ၁၁၁ နိုင်ငံက ၁၉၉၇ခုနှစ် လွှင့်စင်ပေါက်ကွဲ လက်နက်များဆိုင်ရာ စာချုပ်ကို လက်မှတ်ရေးထိုးထားခြင်း၊ နိုင်ငံပေါင်း ၈၁နိုင်ငံက သမရိုးကျ လက်နက်များဆိုင်ရာ စာချုပ် စစ်ကျန်လက်နက်ပစ္စည်းဆိုင်ရာ နောက်ဆက်တွဲ စာချုပ် အမှတ်(၅)ကို လက်မှတ်ရေးထိုးထားခြင်းနှင့် နိုင်ငံပေါင်း ၁၅၇ နိုင်ငံက မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးထားခြင်းအတွက် ၀မ်းမြောက်မိကြောင်း၊  ထိုကဲ့သို့ အရေးကြီးသော စာချုပ်များ ကို အားလုံးက လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် မိုင်းလုပ်ငန်းများအား လူသားခြင်း စာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများ၊ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား မိုင်းအန္တရာယ်ရှိနေသည့် ဒေသများတွင်ဆောင်ရွက်လျက်ရှိနေပြီး ဒုက္ခသည်များနှင့် စစ်ရှောင်ပြည်သူများအား မိမိတို့နေရပ်သို့ ဆန္ဒအလျောက် ပြန်လည်အခြေချနိုင်ရန်လည်း ကူညီသွားမည်ဖြစ်ကြောင်း သ၀ဏ်လွှာတွင် ဖော်ပြပါရှိသည်။
''အပြည်ပြည်ဆိုင်ရာ မြေမြုပ်မိုင်းအသိမြှင့်တင်ရေးနေ့'' ကို ကုလသမဂ္ဂမှ ၂၀၀၅ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ယင်းနေ့တွင် စစ်ကျန်မြေမြုပ်မိုင်းများ၊ပေါက်ကွဲပစ္စည်းများနှင့် ပတ်သက်၍ နေ့စဉ် လူနေမှုဘ၀ကို ရိုက်ခတ်နိုင်သည့်အတွက် မည်သို့ ကိုင်တွယ်ဖြေရှင်းမည် ဆိုသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်စဉ်ပုံမှန် ကျင်းပလေ့ရှိကြောင်းနှင့်  ယခုနှစ်သည် နိုင်ငံတကာတွင် (၁၄) ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်တွင်မှ ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း Myanmar Peace Center မှ အမှုဆောင် ညွှန်ကြားရေးမှူး ဦးကျော်စိုးလှိုင်က ယင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် မြန်မာ မိုင်းရှင်းလင်းရေးစင်တာ (Myanmar Mine Action Center) ကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး လက်ရှိတွင် တစ်နိုင်ငံလုံးနှင့် ပတ်သက်သည့် မိုင်းရှင်းလင်းရေး မဟာဗျူဟာလုပ်ငန်းစဉ်များကို မူကြမ်း ရေးဆွဲလျက်ရှိကြောင်းလည်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။