Friday, March 15, 2013

မြစ်ဆုံနှင့် အခြား ရေကာတာများ လုံးဝ ရပ်ဆိုင်းရေး မြစ်ချောင်းများနေ့ လှုပ်ရှားမှု

ချင်းမိုင်(မဇ္စျိမ)။   ။ မြစ်ဆုံ ရေကာတာနှင့် အခြား ရေကာတာ ၇ ခု အပြီးပိုင် ရပ်ဆိုင်းရန် လှုပ်ရှားမှု အခမ်းအနား တခုကို ယနေ့ကျရောက်သော နိုင်ငံတကာ မြစ်ချောင်းများဆိုင်ရာ လှုပ်ရှားမှု အထိမ်းအမှတ်နေ့တွင် မြစ်ကြီးနားမြို့ လူထုအခြေပြု အဖွဲ့များနှင့် ဒေသခံများက ကျင်းပခဲ့ကြသည်။


International-River-Day1ဧရာဝတီမြစ် ဆက်လက်ရှင်သန်ရေးအတွက် ထိုဆည် စီမံကိန်းများ လုံးဝ ရပ်ဆိုင်းရေးအပြင် မြစ်ကြောင်းတလျှောက်
ရွှေတူးဖော်ရေး လုပ်ငန်းများ ရပ်ဆိုင်းပေးရန် ဆွေးနွေးခဲ့ကြကြောင်း ကချင်ပြည်နယ် အခြေစိုက် လူထုအခြေပြု ဖွံ့ဖြိုးရေးအဖွဲ့ (Mungchying Rawt Jat –MRJ) မှ တာဝန်ရှိသူ ဆရာရှဂေါင်တန်ဂွန်း (Coordinitor) က ပြောသည်။

“လူထုရဲ့ ခံစားချက်တွေ ပြောကြတယ်။ မြစ်ဆုံ စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရတဲ့ ဒေသခံတွေက ကိုယ့်ခြံ၊ ကိုယ့်မြေကို
ပြန်လိုချင်ပါတယ် ဆိုတာတွေ။ ဧရာဝတီမြစ်ဟာ အရင်တုန်းက အရမ်း သာယာလှပခဲ့တယ်။ အခုကျတော့ ညစ်ပတ်ပြီး သဲသောင်တွေ ထွန်းလာတယ်။ မြစ်ကြီးက မကျန်းမာတော့ဘူး။ အဲဒီလို ခံစားချက်တွေ ဖလှယ်ကြတယ်” ဟု မဇ္ဈိမကို
ပြောသည်။

MRJ နှင့် မြစ်ဆုံဒေသခံများ စုစုပေါင်း လူ ၁၀၀ ခန့်က မြစ်ဆုံကမ်းနဘေးတွင် ဧရာဝတီမြစ်ကြီး အကြောင်းနှင့်
ပြောင်းရွှေ့ခံ ဒေသခံများ၏ ရင်ဖွင့်သံများ ပြောကြားခြင်းများပြီး မြစ်ဆုံ ရပ်ဆိုင်းရေး စာတမ်းများ ကိုင်ဆောင်ခဲ့ကြသည် ဟု ဆရာရှဂေါင်တန်ဂွန်း က ပြောသည်။

“အဓိက ရည်ရွယ်ချက်က ဧရာဝတီမြစ်နဲ့ ကချင်လူထုက သမိုင်းအကြောင်းရှိတယ်။ အဲဒါတွေသာ မကဘူး။ ဧရာဝတီဟာ ကချင်လူထုအတွက်သာမကဘဲ မြန်မာနိုင်ငံမှာ ရှိတဲ့ လူထု အားလုံးအတွက် အရေးပါတဲ့ မြစ်ကြောင်း တခုဖြစ်ပါတယ်။ ဧရာဝတီမြစ်ဟာ အခုဆိုရင် အရမ်း ရေတိမ်ကောလာပြီးမှ ညစ်ပတ်လာတဲ့ အတွက်ကြောင့် ဧရာဝတီမြစ် ကျန်းမာပါစေဆိုပြီး လုပ်ကြပါတယ်”ဟု ၎င်းက ဆက် ပြောသည်။

ထိုလှုပ်ရှားမှုကို မြစ်ဆုံတွင် နံနက် ၁၀ နာရီမှ စတင်ပြီး မွန်းလွဲ ၁၂ နာရီချိန်ထိ ပြုလုပ်ကျင်းပခဲ့ခြင်း ဖြစ်သည်။

“ပန်းရဲ့လမ်း” အဖွဲ့နှင့် မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်အဖွဲ့မှ ကိုနေမျိုးဇင်တို့လည်း ထိုအခမ်းအနားတွင် ပါဝင်၍ “ဧရာဝတီ”သီးချင်းဖြင့် ဖျော်ဖြေခဲ့သည်။

ယခုအခြေအနေမှာ စီမံကိန်း လုံးဝ ရပ်ဆိုင်းခြင်း မဟုတ်သေးဖြင့် ယနေ့ ကျရောက်သော ၁၆ ကြိမ်မြောက် ကမ္ဘာ့
မြစ်ချောင်းများဆိုင်ရာ လှုပ်ရှားမှုနေ့တွင် ဆန္ဒဖော်ထုတ်ကြခြင်းဖြစ်သည်ဟု ဆိုသည်။

၁၉၉၇ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ရေကာတာကြောင့် ဒုက္ခရောက်ခဲ့ရသည့် နိုင်ငံပေါင်း ၂၀ မှ ကိုယ်စားလှယ်များ စုဝေး၍ ဘရာဇီးနိုင်ငံတွင် နိုင်ငံတကာ အစည်းအဝေး ကျင်းပခဲ့ပြီး ထိုနေ့ကို ကမ္ဘာ့မြစ်ချောင်းများဆိုင်ရာ လှုပ်ရှားမှုနေ့ အဖြစ် သတ်မှတ်ခဲ့သည်ဟု သိရသည်။

၁၀ တန်းစာမေးပွဲ နှင့် တိုက်ဆိုင်နေ၍ အပြည်ပြည်ဆိုင်ရာ မြစ်ကြောင်းများနေ့ အထိမ်းအမှတ် အဖြစ် ပြုလုပ်မည့် ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်ကမ်းဘေးမှ အခမ်းအနားကိုမူ ခွင့်မပြုဘဲ အာဏာပိုင်များက တားမြစ်ခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။