Friday, March 15, 2013

ဆီးဂိမ်းစ်အတွက် ပြင်ဆင်နေသော ယူ-၂၃ အရန်အသင်းနှင့် နေပြည်တော်အသင်းတို့ သရေကျ



Sports-1-march15
လာမည့် (၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၂၃ အသင်းကို အထောက်အကူပြုရန် ဖွဲ့စည်းထားသော ယူ-၂၃ အရန်အသင်းနှင့် နေပြည်တော်အသင်းတို့သည် ပြီးခဲ့သည့် မတ်လ (၁၄) ရက်က သုဝဏ္ဏကွင်းတွင် ခြေစမ်းကစားခဲ့ရာ (၁-၁) ဂိုးဖြင့် သရေကျခဲ့ကြောင်း သိရသည်။

ယူ-၂၃ အရန်အသင်းတွင် တင်ဝင်းအောင်၊ စိုးပိုင်သွေး၊ မျိုးမင်းလတ် (ဂိုး)၊ ရဲဝင်းအောင်၊ စည်သူအောင်တို့ဖြင့် ပွဲထွက်ခဲ့ပြီး ဒုတိယပိုင်းတွင် တစ်သင်းလုံးနီးပါး အပြောင်းအလဲ ပြုလုပ်ခဲ့သည်။ နေပြည်တော်အသင်းတွင်လည်း ကိုနေး၊ ဆင်မ်၊ မာရှယ်၊ မိုးဝင်း၊ ဇော်ထက်အောင်တို့ အပါအ၀င် အမာခံ ကစားသမားအများစုဖြင့် ပွဲထွက်ခဲ့ပြီး ယူ-၂၃ အသင်း အရန်အသင်းကို ယှဉ်ပြိုင်ခဲ့သည်။ ပွဲချိန်မိနစ် (၆၀) တွင် နေပြည်တော်နောက်ခံလူ မိုးဝင်း ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့သောကြောင့် ယူ-၂၃ အသင်း ဂိုးစတင်ရရှိခဲ့ပြီး နေပြည်တော်အသင်းအတွက် ချေပဂိုးကို (၈၃) မိနစ်တွင် ကိုနေး၏ ဖန်တီးပေးမှုမှတစ်ဆင့် တင်ဇော်မိုးက သွင်းယူပေးခဲ့သည်။
ယင်းအသင်းကို တောင်ကိုရီးယား လူမျိုးနည်းပြ ပတ်ဆောင်ဟွာက ကိုင်တွယ်နေခြင်းဖြစ်ပြီး မတ်လ (၁၁) ရက်မှ (၂၀) ရက်အထိ လေ့ကျင့်မှုများ ပြုလုပ်ပေးနေခြင်း ဖြစ်သည်။ ယူ-၂၃ အရန်အသင်းကို MNL နှင့် MNL-2 တို့မှ ကစားသမား (၂၆) ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး လေ့ကျင့်မှုများ ပြုလုပ်အပြီးတွင် အလားအလာရှိသော ကစားသမားများကို ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ပြင်ဆင်သည့် မြန်မာယူ-၂၃ အသင်း၌ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။