Friday, March 15, 2013

လက်ပံတောင်းတောင်စီမံကိန်း ဆက်လုပ်မည့်အပေါ် ပတ်ဝန်းကျင်အရေးထိန်းသိမ်းသူများ ကန့်ကွက်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာကို အကောင်အထည်ဖော်မည့် ကော်မတီများ၏ လုပ်ငန်းစဉ်မှာ ကောင်းမွန်သော်လည်း စီမံကိန်းဆက်လုပ်မည်ဆိုသည့် အစီရင်ခံစာကို ငြိမ်းကွန်ယက်မှ လက်ခံနိုင်ဖွယ်မရှိသည့်အတွက်  နိုင်ငံတော်သမ္မတထံသို့ စာတင်ရန်အစီအစဉ်ရှိကြောင်း သိရှိရသည်။

စီမံကိန်းဆက်လက် လုပ်ကိုင်ရန် ကန့်ကွက်ရခြင်းမှာ အဆိုပါစီမံကိန်းကြောင့် ဒေသခံများအတွက် သောက်ရေ ရှားပါးလာခြင်း ၊ စွန့်ပစ်ပစ္စည်းများကြောင့် အဆိပ်အတောက် ဖြစ်ပေါ်လာရခြင်း နှင့် တောင်များကို   ဖြိုချခြင်း ကြောင့် ဒေသခံများအလုပ်လက်မဲ့ဖြစ်နေရခြင်းတို့မှာ ဒီမိုကရေစီလမ်းစဉ်နှင့် ဆန့်ကျင်နေခြင်းကြောင့် သမ္မတထံ စာတင်ရန်စီစဉ်ခြင်းဖြစ်သည်ဟု ငြိမ်းကွန်ယက်မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းက ဆိုသည်။

ဒီလ မကုန်ခင် သမ္မတဆီစာတင်မယ် ဘာအကြောင်းအရာကို အဓိကထားမလဲဆိုတော့ ဒီလို စီမံကိန်း ဆက်လုပ်တယ် ဆိုတာက ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်ကို ဆုံးရှုံးတယ် ဒီမိုကရေစီလမ်းစဉ်နဲ့ ဆန့်ကျင်နေတယ်။ သဘာဝပတ်ဝန်းကျင်ကို ဘယ်လောက်တောင် ထိခိုက်စေသလဲဆိုရင် ရေတောင် သောက်လို့ မရတဲ့အထိ ဖြစ်နေတယ်၊ ဒါကြောင့်မို့ ဒီအစီရင်ခံစာကို ကန့်ကွက်တယ်လို့ ပြောလဲရတယ်။ ပြီးတော့ မီးလောင်ဗုံးကြောင့် သံဃာတွေဒဏ်ရာရ   ဆေးရုံ တက်ရတာကို မီးခိုးဗုံးနဲ့ပစ်တယ်ဆိုပြီး အစီရင်ခံစာမှာ ပါလာတယ် ဒါက ဒီမို ကရေစီနဲ့ဆန့်ကျင်နေတယ် ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းက ပြောသည်။

၂၀၁၃ခုနှစ် မတ်လမကုန်ခင် သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတိုင်းပါဝင်နိုင်သည့် ငြိမ်းကွန်ယက် အနေဖြင့် အစည်းအဝေးတစ်ရပ်ပြုလုပ်ကာ နိုင်ငံတော်သမ္မတထံသို့ အကြံပြုသည့် စာတင်ပြမည်ဖြစ်သည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။

လက်ပံတောင်းတောင် ဒေသခံများအနေဖြင့်လည်း မည်သည့် လျော်ကြေးကိုမှ မလိုအပ်ဘဲ နှစ်(၆၀) စီမံကိန်းကို ရပ်ဆိုင်းရေးကိုသာ အလေးထားကြောင်း သုံရွာသစ်မှ ဒေသခံအချို့က ဆိုသည်။

ကျွန်တော်တို့ကို ဘယ်လိုလျော်ကြေးပေးပေး ကျွန်တော်တို့ လက်မခံနိုင်ပါဘူး ကျွန်တော်တို့ အဓိက လိုအပ်တာက ဒီကြေးနီစီမံကိန်းကို ရပ်ဆိုင်းပေးဖို့ပဲ ဟု သုံရွာသစ် ကျေးရွာနေ ကိုတင်ဇော်က ပြောသည်။

ယခင်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုပ်ကိုင်နေခြင်းကြောင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်ကာ အသက် ရှုခြင်း ၊ မျက်စိစပ်ခြင်းများ ဖြစ်ပေါ်လာကာ ကျန်းမာရေးထိခိုက်ကြောင်း ၊ စွန့်ပစ်ရေများကြောင့်   သောက်သုံးရေ အတွက်လည်း အခက်အခဲရှိလာခြင်းတို့ကြောင့် လယ်ယာမြေလျော်ကြေးကို လက်မခံ လိုကြောင်း  စီမံကိန်း ဆက်လက်လုပ်ကိုင်မည့် အစီအစဉ်ကိုသာ ပယ်ဖျက်ပေးရန် လိုအပ်ကြောင်း သုံရွာနေ ဒေသခံတစ်ဦးက ဆိုသည်။

အစီရင်ခံစာကို ကျွန်တော်တို့ လက်မခံနိုင်ဘူး ၊ ကျွန်တော်တို့က ဒီတောင်ကြီးကို မှီခိုနေထိုင်နေရတာ။ ဒီတောင်တွေကို   ဖြိုတော့ ကျွန်တော်တို့ အလုပ်အကိုင်မရှိတော့ဘူး ၊ ဒီစီမံကိန်းကြောင့် ကျွန်တော်တို့ အနီးအနားက ရွာတွေဆိုရင် တစ်မိနစ် ၊ နှစ်မိနစ်လောက်ပဲ မျက်လုံးဖွင့်နိုင်တယ် နောက်တော့ မျက်စိတွေ စပ်လာတယ်။ စွန့်ပစ်ပစ္စည်းကြောင့်    ရေတွေ ပျက်ဆီးလာတယ်။ ရေချိုမရတော့ဘူး လယ်မြေအတွက် လျော်ကြေး ဘယ်လောက်ပေးပေး ကျွန်တော်တို့ လက်မခံနိုင်ပါဘူး ၊ အဓိကက စီမံကိန်း ရပ်ဆိုင်းဖို့ပဲ ဟု ယာ(၁၀)ဧက အသိမ်းခံရသည့် သုံရွာကျေးရွာနေ ကိုဖိုးတုတ်က ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။