Friday, March 15, 2013

ယခုနှစ် ရန်ကုန်သင်္ကြန် ကန်တော်ကြီး ကန်ပတ်လမ်းတွင် ရေကစားမဏ္ဍပ် ၁၅ ခု၊ ကမ္ဘာအေးစေတီလမ်းတွင် ၉ ခုနှင့် ပြည်လမ်းတွင် ၄ ခု ခွင်ြ့ပုမည်ဖြစ်ပြီး မဏ္ဍပ်တာဝန်ခံအဖြစ် ၅ ဦးထားရှိရမည်ဟု သတ်မှတ်ထား



general-6-march14
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် သင်္ကြန်တွင် ပြည်လမ်းရှိ ရေကစားမဏ္ဍပ်များ မြင်ကွင်း
ယခုနှစ် ရန်ကုန်သင်္ကြန်၌ ကန်တော်ကြီးကန်ပတ်လမ်းတွင် ရေကစားမဏ္ဍပ်အကြီး ၁၅ ခု၊ ကမ္ဘာအေးစေတီလမ်းတွင် ၉ ခုနှင့် ပြည်လမ်းတွင် ၄ ခု ခွင့်ပြုသွားမည်ဖြစ်ပြီး ယခင်နှစ်က မဏ္ဍပ်များအား တာဝန်ယူရန် တာဝန်ခံနှစ်ဦးသာ ထားရှိခဲ့ရသော်လည်း ယခုနှစ်တွင် မဏ္ဍပ်ဆောက်လုပ်မည့် ပိုင်ရှင် အပါအ၀င် ၅ ဦးအား တာဝန်ခံအဖြစ် ထားရှိရမည်ဟု သတ်မှတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မဏ္ဍပ်နေရာချထားပေးရေး ဆပ်ကော်မတီမှ သိရှိရသည်။

သင်္ကြန်မဏ္ဍပ်များကို ကန်တော်ကြီးပတ်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ပြည်လမ်းတို့ သုံးခုပေါင်း ၂၈ ခုနှင့် ရန်ကင်း ဆရာစံပန်းခြံရှေ့တွင် ၁ ခု၊ ဘုရင့်နောင်လမ်းပေါ်တွင် ၅ ခု၊ ကမ်းနားလမ်းတွင် ၂ ခု၊ သုဝဏ္ဏ အားကစားကွင်းအနီး ၁ ခု စုစုပေါင်း ၃၇ ခုကို မဏ္ဍပ်နေရာ ချထားပေးရေး ကော်မတီမှ စိစစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။ ရေကစားမဏ္ဍပ်ေ ဆာက်လုပ်ရန် လျှောက်ထားသူများ လိုက်နာရမည့် စည်းကမ်းချက်များကို ၂၇ ချက် ထုတ်ပြန်ထားပြီး ယင်းအထဲတွင် မဏ္ဍပ်တွင် တာဝန်ခံမည်သူ့များအနေဖြင့် မဏ္ဍပ်ပိုင်ရှင်၊ မဏ္ဍပ်တာဝန်ခံနှင့် ဒုတာဝန်ခံ၊ မဏ္ဍပ်စည်းကမ်း ထိန်းသိမ်းရေးနှင့် ရေပက်ခံယာဉ်များ ထိန်းသိမ်းရေး တာဝန်ခံနှင့် ဒုတာဝန်ခံဟူ၍ ငါးဦးထားရှိရမည့် အချက်မှာ ယခုနှစ် ထုတ်ပြန်သော စည်းကမ်းချက်များတွင် ထူးခြားချက်အဖြစ် ပါဝင်သည်။
ယင်းသို့ မဏ္ဍပ်တာဝန်ခံငါးဦးအထိ ထာရှိစေခြင်းမှာ ရေကစားမဏ္ဍပ်များ စည်းကမ်းစနစ်တကျ ရှိစေရန် ရည်ရွယ်ခြင်းဖြစ်ပြီး ရေကစားမဏ္ဍပ် ဆောက်လုပ်ခွင့်ရရှိပါက မဏ္ဍပ်၏ နောက်ခံနှင့် ရှေ့ဗီနိုင်းများတွင် တာဝန်ခံများ၏ ဓာတ်ပုံ၊ အမည်နှင့် မိုဘိုင်းဖုန်းနံပါတ်များကို ထင်သာမြင်သာအောင် ထည့်သွင်းဖော်ပြပေးရမည်ဟုလည်း ပါရှိကြောင်း၊ ယင်းအချက်မှာလည်း ယခုနှစ်မှ ထည့်သွင်းထုတ်ပြန်သော စည်းကမ်းချက်အသစ်ဖြစ်ပြီး ပြီးခဲ့သည့်နှစ် သင်္ကြန်က ယင်းစည်းကမ်းချက် မပါဝင်ခဲ့ပေ။
အဆိုပါ တာဝန်ခံငါးဦးအနေဖြင့် မဏ္ဍပ်စတင် တည်ဆောက်ချိန်မှ ပြန်လည်ဖျက်သိမ်းသည့်အချိန်အထိ မဏ္ဍပ်နေရာချထားပေးရေး ဆပ်ကော်မတီမှ စီမံခန့်ခွဲရေးအရနှင့် လုံခြုံရေးအရ အချိန်နှင့်တပြေးညီ ဆက်သွယ်ညွှန်ကြားနိုင်ရန်အတွက် တယ်လီဖုန်းနံပါတ်များအား အမြဲတမ်း ဆက်သွယ်မှု မပြတ်တောက်စေရန် ထားရှိရမည်ဖြစ်ပြီး တာဝန်ရှိသူများမှ အခါအားလျော်စွာ စစ်ဆေးသည့်အခါတွင် အစစ်ဆေးခံနိုင်ရေး တာဝန်ခံ (သို့) ဒုတာဝန်ခံတစ်ဦးဦး သင်္ကြန်ကာလ ပြီးဆုံးသည်အထိ မဏ္ဍပ်တွင် အချိန်ပြည့်ရှိနေရမည်ဟုလည်း စည်းကမ်းချက်များတွင် ပါရှိသည်။
ထို့ပြင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် သင်္ကြန်က မဏ္ဍပ်တစ်ခုလျှင် အာမခံစပေါ်ငွေ ကျပ်သိန်း ၃၀ သွင်းရန် သတ်မှတ်ခဲ့သော်လည်း ယခုနှစ်သင်္ကြန်အတွက် ၁၀၀ ပေနှင့် အထက်မဏ္ဍပ်အကြီးများကို အာမခံစပေါ်ငွေအဖြစ် ကျပ်သိန်း ၅၀ ပေးသွင်းရမည်ဟု သတ်မှတ်ထားပြီး ၁၀၀ ပေနှင့် ၅၀ ပေအကြား မဏ္ဍပ်အလတ်များအတွက် ကျပ်သိန်း ၃၀ ပေးသွင်းရမည်ဟု သတ်မှတ်ထားသည်။
ယခုနှစ် ရန်ကုန်သင်္ကြန်ကို စည်ကားစွာ ကျင်းပရန် စီစဉ်ထားပြီး ကော်မတီများဖွဲ့စည်းကာ စနစ်တကျ လုပ်ဆောင်သွားမည်ဖြစ်ပြီး သင်္ကြန်မဏ္ဍပ်များ နေရာချထားပေးရေး ဆပ်ကော်မတီ၊ မဏ္ဍပ်များ ခိုင်ခံ့မှု စစ်ဆေးရေး ကော်မတီ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုထိန်းသိမ်းရေး ကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ စသည်တို့ကို ဖွဲ့စည်းပေးထားသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
မဏ္ဍပ်များထားရှိသည့် လမ်းတစ်လျှောက် ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေရန်အတွက် သက်ဆိုင်ရာ မဏ္ဍပ်၏ ရေပက်ခံယာဉ်ထိန်းသိမ်းရေး အဖွဲ့မှ ယာဉ်များကို အချိန်ကန့်သတ်၍ ရေပက်ကစားစေပြီး ယာဉ်ကြောစဉ်ဆက်မပြတ် သွားလာနိုင်ရေးအတွက် ထိန်းသိမ်းကွပ်ကဲပေးရန် တာဝန်ယူရမည်ဖြစ်ကြောင်းလည်း မဏ္ဍပ်များ လိုက်နာရမည့် စည်းကမ်းချက်များတွင် ပါရှိသည်။
ပြီးခဲ့သည့်နှစ် သင်္ကြန်တွင် ရန်ကုန်မြို့ရှိ ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီးကန်ပတ်လမ်း အပါအ၀င် လမ်းမကြီးအချို့ပေါ်တွင် ရေကစား မဏ္ဍပ်အကြီး စုစုပေါင်း ၄၀ ကျော် ရှိခဲ့ပြီး ကန်တော်ကြီးကန်ပတ်လမ်းတွင် မဏ္ဍပ်အကြီးအခု ၂၀ ကျော် ဆောက်လုပ်ခွင့်ပြုခဲ့ကြောင်း သိရသည်။
ယခုနှစ်သင်္ကြန်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ မဏ္ဍပ်ကို ပထမဆုံးအကြိမ် ပြုလုပ်မည်ဖြစ်ပြီး ခမ်းနားစွာပြုလုပ်ရန်လည်း စီစဉ်နေသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။