Friday, March 15, 2013

ကနေဒါအခြေစိုက် သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုနှင့် မြန်မာကုမ္ပဏီတို့ ပူးပေါင်းပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွှေတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်


ကနေဒါအခြေစိုက် သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုနှင့် မြန်မာကုမ္ပဏီတို့ ပူးပေါင်းပြီး စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်ဒေသတွင် ရွှေတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်သွားရန် နားလည်မှုစာချွန်လွှာ ရေးထိုးပြီးဖြစ်ကြောင်းသတင်းရရှိသည်။

ရွှေနှင့် အခြားအဖိုးတန် သတ္တုလုပ်ငန်းများ ဆောင်ရွက်သည့် ကနေဒါအခြေစိုက် Centurion Minerals Ltd. နှင့် မြန်မာနိုင်ငံမှ Eternal Gold Mining တို့သည် စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်ဒေသတွင် ရွှေတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
''ဒီလို အလားအလာကောင်းရှိတဲ့ စီမံကိန်းမျိုးကို ပြည်တွင်းက အတွေ့အကြုံရှိတဲ့ အောင်မြင်နေတဲ့ ကုမ္ပဏီတစ်ခုနဲ့ တွဲဖက်လုပ်ကိုင်ခွင့်ရရှိတဲ့ ကျေနပ်မှုရှိပါတယ်'' ဟု Centurion Minerals Ltd. ၏ ဥက္ကဋ္ဌ Alfred Lenarciak က ပြောကြားခဲ့သည်။
Centurion Minerals Ltd. ၏ သတင်းထုတ်ပြန်ချက်တွင် ဧက ၂၂ဝဝဝ ရှိ ဗန်းမောက်ဒေသ ရွှေလုပ်ကွက်ကို ကနေဒါအခြေစိုက် ကုမ္ပဏီက တူးဖော်သည့် လုပ်ငန်းစီမံခန့်ခွဲမှုများ၊ အဆိုပါ လုပ်ကွက်အတွင်း သယံဇာတတည်ရှိမှုများကို လေ့လာဆန်းစစ်မှုများ ပြုလုပ်သွားမည်ဟုဖော်ပြ  ထားသည်။
မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊  ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် ရွှေသတ္တုများ တွေ့ရှိရကြောင်း သိရသည်။
ယခင် ရွှေတူးဖော်မှုကို နိုင်ငံတော်မှလွဲ၍ မည်သည့်ပုဂ္ဂလိကကိုမျှ လုပ်ကိုင်ခွင့် မပေးခဲ့သော်လည်း  ၁၉၉၃မှ ၁၉၉၅ ခုနှစ်ကြားကာလများတွင် ရွှေထွက်ရှိရာ ဒေသများတွင် ကုန်သွယ်ရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် လုပ်ကွက်များ ချထားပေးဖူးကြောင်းနှင့် ၁၉၉၇-၉၈ ခုနှစ်တွင်မှ ပုဂ္ဂလိက ကုမ္ပဏီများကို ၅ဝ ဧကအောက် အသေးစားဖက်စက် ရွှေထုတ်လုပ်ခြင်းနှင့် ဧက ၅ဝ အထက်  အကြီးစားဖက်စပ် ရွှေထုတ်လုပ်ခြင်း လုပ်ငန်းများကို ခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။