Friday, March 15, 2013

ကုန်သည်များ ဈေးကစား၍ ရွှေနှင့်ဒေါ်လာတန်ဖိုး ရုတ်တရက်မြင့်တက်


မတ်လ (၁၃)ရက်နေ့၌ ရွှေဈေးနှင့် ဒေါ်လာဈေးများ ရုတ်တရက် ဈေးခုန်တက် လာကြောင်း သက်ဆိုင်ရာဈေးကွက်များမှ သိရသည်။

 ရွှေဈေးသည် ယမန်နေ့က အခေါက်ရွှေတစ်ကျပ်သားလျှင် ၇၃၉၅၀၀ ကျပ်ရှိရာမှ လက်ရှိအချိန်တွင် ၇၄၆၅၀၀ ကျပ်သို့ ခုန်တက်သွားခြင်းဖြစ်သည်။

ဒေါ်လာဈေးမှာလည်း မတ် ၁၂ ရက်တွင် ၀ယ်ဈေး တစ်ဒေါ်လာလျှင် ၈၆၅ ကျပ်၊ ရောင်းဈေး ၈၇၃ ကျပ်၊ မတ် ၁၁ ရက်တွင် ၀ယ်ဈေး တစ်ဒေါ်လာလျှင် ၈၆၄ ကျပ်၊ ရောင်းဈေး ၈၇၂ ကျပ် ဖြစ်ခဲ့ပြီး ယနေ့တွင် ၀ယ်ဈေး တစ်ဒေါ်လာလျှင် ၈၈၀  ကျပ်၊ ရောင်းဈေး ၈၈၂ ကျပ်ဖြစ်လာကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။

"ဒီတခေါက် ရွှေဈေးပြန်တက်သွားတာက ဒေါ်လာဈေးတက်လို့ ရွှေဈေးပြန်တက်သွားတာ။ ဒီနေ့ ရွှေဈေးစဖွင့်တာ ၇၄၇၀၀၀ လောက်ထိဖွင့်ရာကနေ အခု ၇၄၈၅၀၀ လောက် အထိဖြစ်လာတော့ အနိမ့်ဆုံးဖြစ်ခဲ့တဲ့ဈေးနဲ့ဆို ၁ သောင်းလောက် ပြန်တက်လာ တယ်"ဟု အောင်သမာဓိရွှေဆိုင်မှ တာဝန်ရှိသူက ပြောသည်။

လက်ရှိ ရွှေဘုံသာဈေးကွက်၌ ဒေါ်လာဈေးမြင့်တက်လာသည့်အချိန်ဖြစ်သည့်အလျောက် ရွှေဈေးနှုန်းမှာလည်း လှုပ်ခတ်လျက်ရှိကြောင်း၊ ဒေါ်လာဈေးမြင့်တက်လာရခြင်းမှာ ရွှေဈေးငြိမ်သည့်အပေါ်တွင် ဒေါ်လာပြောင်းဝယ်ရာမှ အဆိုပါဒေါ်လာဈေးမှာလည်း ၀ယ်လိုအားကြောင့် မြင့်တက်လာခြင်းဖြစ် သည်ဟု ရွှေကုန်သည်တို့က ဆိုသည်။

"ရွှေဈေးကျတဲ့အချိန်တုန်းက ကျတဲ့အကြောင်းအရင်းက ကမ္ဘာရွှေဈေးကျလို့ လိုက်ကျတာ။ အခု ရွှေဈေးနည်းနည်းလေး တက်လာတဲ့ အကြောင်းက ဒေါ်လာဈေးပြန်တတ် လာတာကြောင့်ရယ် ကမ္ဘာရွှေဈေးကလည်း နည်းနည်းလေး ပြန်တက် လာတာကြောင့်ပါ"ဟု အောင်သမာဓိရွှေဆိုင်မှ တာဝန်ခံမန်နေဂျာက ဆိုသည်။

ရွှေဈေးတက်ရခြင်းမှာ ကမ္ဘာ့ရွှေဈေးနှုန်းကြောင့်ဖြစ်ပြီး ယခုဈေးထက် ပိုမို တက်နိုင်သေးကြောင်းကို ရွှေလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးရွှေကြည်ကပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဒေါ်လာဈေးတက်ရခြင်းမှာလည်း ပြီးခဲ့သော မတ်လ ၁၂ ရက်နေ့ တွင် ပြောကြားခဲ့သော သမ္မတဦးသိန်စိန်၏ ၀န်ထမ်းများအား လစာတိုးပေးမည်ဆိုသော သတင်းနှင့် သက်ဆိုင်နိုင်သည်ဟု  တိတ်စိန်ရွှေဆိုင်မှ  ကိုဇော်အောင်က သူအမြင်ကို ပြောသည်။

ထို့ပြင် လွန်ခဲ့သောတစ်ပါတ်ခန့်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အစိုးရအနေနှင့် ပြည်သူများ အကျိုး ရှိအောင် ငွေလဲနှုန်းအား ကျပ် ၉၅၀ နှင့် ၁၀၀၀ ကြားတွင် ထားရှိသင့်ကြောင်းကို လွှတ်တော်တွင် ပြောဆိုခဲ့သည့် မိန့်ခွန်းကြောင့် ဒေါ်လာဈေးမြင့်တက်လာခြင်းဖြစ်သည်ဟု ကိုဇော်အောင်က သုံးသပ်သည်။

သို့သော် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်အသင်းဝင် ဦးရွှေကြည်က ဒေါ်လာဈေးများ တက်ရခြင်းမှာ သူရဦးရွှေမန်းပြောသော စကားနှင့် မသက်ဆိုင်ကြောင်း၊ exchange rate အား ၎င်းတို့ကိုင်တွယ်၍ မရနိုင်ကြောင်းနှင့် ထိုသို့တက်ရခြင်းမှာ ၀ယ်လို အားနှင့် ရောင်းလိုအား မမျှတခြင်းကြောင့်ဟု သုံးသပ်ပြောဆိုသည်။

ဒေါ်လာဈေးမြင့်တက်နေသော်လည်း ငွေလဲနှုန်းသည် တစ်ဒေါ်လာလျှင် ကိုးရာကျပ် အထက်သို့မတက်နိုင်ကြောင်းနှင့် ကိုးရာကျော်ခဲ့သော်လည်း ခဏသာဖြစ်မည်ဖြစ်ကြောင်း ဦးရွှေကြည်က ဆက် ပြောသည်။

၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ငွေလဲနှုန်းသည် ၁ ဒေါ်လာလျှင် ၈၀၀ ကျော်သာ ရှိရာမှ နှစ်လည်ခန့်တွင် ၈၇၀   ကျော်ဖြစ်လာခဲ့သည်။ ထို့နောက် အစိုးရ၏ ထိန်းညှိမှုကြောင့် ၈၆၀ ကျပ်ဝန်းကျင်တွင်သာရှိနေခဲ့ပြီး ယနေ့မှသာ ရုတ်တရက်တက်လာခဲ့ခြင်းဖြစ်သည်။

"ဘာကြောင့်မှန်းတော့ သေချာမသိဘူး၊ ထိုင်နေရင်းနဲ့ကို တရိပ်ရိပ်တက်လာတာ"ဟု ဘားလမ်းဈေးကွက်မှ   ငွေလဲလှယ်သူတစ်ဦးက ဆိုသည်။

ရွှေဈေးနှုန်းမှာမူ ကမ္ဘာ့ရွှေဈေးနှုန်းအတိုင်းပြောင်းလဲနေသောကြောင့် ဖြစ်သည်။

 ရက်စွဲ
 
အခေါက်ရွှေတစ်ကျပ်သားဈေးနှုန်း
ဇန်န၀ါရီ (၁၅)၊ ၂၀၁၃။
၇၆၃၄၀၀ ကျပ်
ဇန်န၀ါရီ (၃၀)၊ ၂၀၁၃။
၇၆၅၂၀၀ ကျပ်
ဖေဖော်ဝါရီ (၁၅)၊ ၂၀၁၃။
၇၅၂၀၀၀ ကျပ်
ဖေဖော်ဝါရီ (၂၅)၊ ၂၀၁၃။
၇၃၉၀၀၀ ကျပ်
ဖေဖော်ဝါရီ (၂၆)၊ ၂၀၁၃။
၇၄၂၀၀၀ ကျပ်
ဖေဖော်ဝါရီ (၂၇)၊ ၂၀၁၃။
၇၄၂၀၀၀ ကျပ်
မတ် (၄)၊ ၂၀၁၃။
၇၃၆၀၀၀ ကျပ်
မတ် (၆)၊ ၂၀၁၃။
၇၃၆၆၀၀ ကျပ်
မတ် (၁၂)၊ ၂၀၁၃။
၇၃၉၅၀၀ ကျပ်
မတ် (၁၃)၊ ၂၀၁၃။
၇၄၆၅၀၀ ကျပ်

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။