Friday, March 15, 2013

ရပ်ရွာမှ ဘွဲ့ရများကို ဆွဲခန့်ဆရာအဖြစ် ခန့်အပ်ရာတွင် အဆင့် ၅ ဆင့်ခွဲခြားပြီး မြို့နှင့် အလှမ်းဝေး ရွာများအား ပထမဦးစားပေး ခန့်အပ်မည်ဟု သိရ


ကျောင်းများတွင် ကျောင်းဆရာ မလုံလောက်မှုကြောင့် ရပ်ရွာမှ ဘွဲ့ရပညာတတ်များကို ဆွဲခန့်ဆရာ၊ ဆရာမများအဖြစ် ခန့်အပ်မည်ဖြစ်ပြီး ထိုသို့ ခန့်အပ်ရာတွင် အဆင့် ၅ ဆင့် ခွဲကာ မြို့နှင့် အလှမ်းဝေး ရွာများအားအား ပထမဦးစားပေးအဖြစ် ခန့်အပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ဆွဲခန့်ကျောင်းဆရာများ ခန့်အပ်ရာတွင် အဆင့် A မြို့ပေါ်နှင့် နီးသောနေရာ၊ အဆင့် B ဆင်ခြေဖုံးမြို့နယ်နှင့် ဆက်စပ်သည့်နေရာ၊ အဆင့် C မြို့သို့ ၁ နာရီကျော်ခန့် လာရောက်ရသည့်နေရာ၊ အဆင့် D မြို့သို့ နေ့ချင်းပြန် လာနိုင်သည့် နေရာနှင့် အဆင့် E မြို့သို့လာရန် အလှမ်းဝေးသော နေရာဟူ၍ ငါးမျိုးခွဲခြားထားပြီး မြို့နှင့်ဝေးသည့် ရွာများကို ဦးစားပေး ခန့်သွားမည်ဖြစ်ကြောင်း သိရသည်။

''ဆွဲခန့်ဆရာမ ရွေးတဲ့နေရာမှာ ဘုတ်အဖွဲ့တွေနဲ့ ရွေးမှာဖြစ်ပါတယ်။ အဆင့် ၅ ဆင့်ခွဲပြီး မြို့နဲ့အလှမ်းဝေးတဲ့ နေရာတွေကို ဦးစားပေး ခန့်မယ်။ ခန့်အပ်မယ့် ဆရာမ အရေအတွက်ကို တွက်ချက် နေဆဲဖြစ်ပြီး ကျောင်းဆရာမ လိုသလောက်ကို ခန့်အပ်သွားမှာ ဖြစ်ပါ တယ်။ လစာငွေကိုတော့ ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။
ထို့ပြင် မြို့ပေါ်၌ ကျောင်းသား အချိုးထက် ကျောင်းဆရာမအချိုး များနေသော ကျောင်းများမှ ဆရာများကိုလည်း ကျောင်းဆရာ လိုအပ်သည့် နေရာများကိုလည်း ခွဲထုတ်ရန် စီစဉ်နေသည်ဟုလည်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ တောင်ပိုင်းခရိုင် မြို့နယ်များဖြစ်သော သန်လျင်၊ ကျောက်တန်း၊ တွံတေးမြို့နယ်များအပြင် မြို့စွန်နေရာများ ဖြစ်သော ခရမ်း၊ သုံးခွ၊ ကော့မှူးနှင့် ကွမ်းခြံကုန်း မြို့နယ်တို့အပြင် တိုက်ကြီး၊ ထန်းတပင် မှော်ဘီ စသည့်မြို့နယ်များရှိ ကျောင်းများတွင် ကျောင်းသားနှင့် ကျောင်းဆရာအချိုး မညီသည့် ပြဿနာများ ဖြစ်ပေါ်နေသည်။
သို့ဖြစ်ရာ တစ်နိုင်ငံလုံးရှိ ဝေးလံပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် နေရာများတွင် ကျောင်းဆရာ လိုအပ်ချက်များ ပိုမိုများပြားနေသည်ဟု သိရသည်။
အဆိုပါကိစ္စ ပြေလည်စေရန် အတွက် လိုအပ်နေသည့် နေရာများရှိ ဒေသခံဘွဲ့ရများကို မိမိဒေသတွင်း ကျောင်းများ၌ ကျာင်းဆရာများအဖြစ် ခန့်အပ်ရန် စီစဉ်ခြင်းဖြစ်ပြီး ထိုသို့ခန့်အပ်ခြင်းအားဖြင့် ဒေသအား စွန့်ခွာရန် မလိုအပ်ဘဲ မိမိဒေသ၌ပင် အလုပ်အကိုင် ရရှိစေရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု သိရသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ၂ဝ၁၁ ခုနှစ် စာရင်းများအရ အခြေခံပညာ ကျောင်းများတွင် တက်ရောက်နေသည့် ကျောင်းသားအရေအတွက် ၈ သန်း ၂ သိန်းကျော်ရှိပြီး ပညာသင်ကြားပေးသူ ကျောင်းဆရာ အရေအတွက်မှာမူ ၂၇ဝဝဝ ကျော်သာ ရှိကြောင်း ပညာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။