Friday, March 15, 2013

ချင်းတွင်းမြစ်အတွင်း ရေဓာတ်ငွေ့သုံး ရှပ်ပြေးယာဉ်မောင်းနှင်မှု၌ (၁၀)%ကျော် ဆီစားသက်သာ


ချင်းတွင်းမြစ်အတွင်း မုံရွာနှင့်မင်းကင်းခရီးစဉ် ပြေးစွဲနေသည့် သီဟထွန်းအမြန်ရေယာဉ်အသင်းမှ အမှတ်(၂၀) ရှပ်ပြေးရေယာဉ်ကို ရေဓာတ်ငွေ့ဖြင့် ပူးတွဲမောင်းနှင်ခဲ့ရာ အောင်မြင်ခဲ့ကြောင်း လိုက်ပါ စမ်းသပ် မောင်းနှင်ခဲ့သူ အင်ဂျင်နီယာသုတေသီ ဦးကျော်ကျော်က ဆိုသည်။

 “အနီးကပ် အသေးစိတ် ရေဓာတ်ငွေ့ စက်ကရိယာကို ညှိ့နှိုင်းစမ်းသပ် မောင်းနှင်နိုင်ဖို့အတွက် ဆရာ အပါအ၀င် ကျွမ်းကျင် ပညာရှင်သုံးယောက် လိုက်ပါခဲ့တယ်၊ အရင်က တပ်ထားတဲ့ ရေဓာတ်ငွေ့စက်ကို Fine Tuner အသေးစိတ် လုပ်ခဲ့တယ်၊ ဆယ်မိနစ်တစ်ခါ ဗို့ယူတယ်၊ အမ်ပီယာ ယူတယ်၊ တမ်ပရေချာ ယူတယ်၊ အသွားအပြန် ခရီးစဉ်မှာ သောင်တင်တဲ့ အချိန်တွေ အပါအ၀င် ဆီစားနှုန်း ၁၂.၅ ရာခိုင်နှုန်း သက်သာခဲ့ပါတယ်၊ တီထွင်သူဘက်က ကြည့်ရင် ဒီနှုန်းက လုံလောက်ပါတယ် ဟု အင်ဂျင်နီယာ ဦးကျော်ကျော်က ပြောသည်။


ရေဓာတ်ငွေ့စက် ပူးတွဲမောင်းနှင်မှု မပြုမီက ဂါလံ(၁၀၀)ကုန်သည့် ခရီးစဉ်သည် ယခုအခါ ရေဓာတ်ငွေ့စက် တပ်ဆင်ပြီး   မောင်းနှင်ရာ ဂါလံ(၇၅)သာ ကုန်ခြင်းကြောင့် (၂၅)ရာခိုင်နှုန်းခန့် သက်သာသည်ဟု အင်ဂျင်နီယာ ဦးကျော်ကျော်က  ဆက်ပြောဆိုသည်။

အပြန်ခရီးတွင် ရေလမ်းကြောင်း ကြန့်ကြာခြင်းနှင့် သောင်တင်ခြင်းများကြောင့် ဆီစားနှုန်း စာရင်းချုပ်ကြည့်ရာ ၁၂.၅ရာခိုင်နှုန်း သက်သာကြောင်းကိုလည်း သိရသည်။

မုံရွာ၊ မင်းကင်းခရီးစဉ်က ရေဓာတ်ငွေ့စက်နဲ့ ပူးတွဲမမောင်းနှင်ခင်မှာ ပေပါ ၄လုံးကုန်တယ် ၂၁၂ဂါလံ လောက် ပါ၊ ရေဓာတ်ငွေ့စက်တပ်လိုက်တဲ့အတွက် ဆီစားသက်သာလာတယ်၊ မကောင်းတဲ့ ကာဗွန်ဂျိုးတွေ ကွာကျ တယ်၊ အဲဒီ့မှာ ဆိုက်အဖက်က ဘာရှိလဲဆိုတော့ ကာဗွန်ဂျိုးတွေကွာတဲ့ အတွက် အင်ဂျင်ဘားဟာတယ်၊ ခရီးစဉ်တစ်ခုပြီင်္းရင်  ဘားတွေ ပြန်ချိန်ရတယ်၊ နောက်ပိုင်း ပုံမှန်ဖြစ်သွားရင် ချိန်စရာလိုမှာ မဟုတ်တော့ဘူး အစပိုင်းမို့လို့ပါ ဟု အဆိုပါ ရေယာဉ်ကြီးကြပ်ရေးမှူး ဦးခေါင်ဖုန်းက ပြောသည်။

အဆိုပါ ရေယာဉ်တွင် ရေဓာတ်ငွေ့စက် Cell(1) နှင့် Cell(2) တပ်ဆင်ထားရာ အင်ဂျင်နှင့်နီးကပ်ခြင်း၊ ရာသီဥတု ပူပြင်းမှုများကြောင့် တစ်လုံးသာအသုံးပြုနိုင်ပြီး အင်ဂျင်သက်တမ်းကြာမြင့်ခြင်းတို့ကြောင့် ဆီစားနှုန်းမှာ ၁၂.၅ ရာခိုင်နှုန်း သာသက်သာကြောင်း သိရသည်။

အခုထက် သက်သာချင်ရင် Cell(1) နဲ့ Cell(2) နှစ်လုံး လုံးကို မောင်းနှင်နိုင်အောင် လုပ်ရမယ် အင်ဂျင် သက်တမ်းက အရမ်းကြာနေပြီ ဒါကြောင့် ၁၀ရာခိုင်နှုန်းသက်သာရင်တောင် လုံလောက်နေပါပြီ၊ နာရီ ၁ သိန်းကျော်လောက်သာ မောင်းနှင် ထားတဲ့ အင်ဂျင်ဆိုရင် ၂၅ရာခိုင်နှုန်း သက်သာမှာပါ ဟု အဆိုပါ အင်ဂျင်နီယာ သုတေသီ ဦးကျော်ကျော်က ပြောသည်။

ရေဓါတ်ငွေ့ဖြင့် မောင်းနှင်ရာတွင် အောင်မြင်သည့် နိုင်ငံအချို့မှာ အာရှနိုင်ငံများဖြစ်ပြီး မလေးရှားနိုင်ငံ ရေဓါတ်ငွေ့အဖွဲ့မှ အန္ဒိယနိုင်ငံ ကျေးလက်ဒေသများတွင် မီးထွန်းရန် မီးစက်များကို ရေဓါတ်ငွေ့ဖြင့် ပူးတွဲ၍ တစ်နှစ်လျှင် အင်ဂျင် ၂၀၀၀ မှ ၃၀၀၀ ရောင်းချပေးလျှက်ရှိကြောင်းသိရသည်။

အမေရိကန်၊ ရုရှား၊ တရုတ်၊ ထိုင်း၊ စင်္ကပူနှင့် ဥရောပနိုင်ငံများ ရေဓါတ်ငွေ့သုံး အင်ဂျင်များအား အောင်မြင်စွာ ဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။