Wednesday, December 5, 2012

ဆန္ဒထုတ်ဖော်မှုတွင် Strike ဖြစ်ပါက အပြစ်မရှိနိုင်


မြန်မာနိုင်ငံရှိ ရဟန်းသံဃာတော်များအနေဖြင့် အရေးကိစ္စအမျိုးမျိုးအတွက် ဆန္ဒထုတ်ဖော်နေမှုများမှာ သိက္ခာပုဒ်နှင့်ညှိစွန်းခြင်း ရှိမရှိ မေးမြန်းရာ၌ အကြမ်းဖက် အဓိကရုဏ်းအသွင်ဆောင်ဖျက်စီးမှုမျိုး မဟုတ်ပဲ မိမိဆန္ဒအား မိမိတို့ကိုယ်တိုင်ဖော်ထုတ်ခြင်းဖြစ်ပါက အပြစ်မရှိကြောင်း ပါချုပ်ဆရာတော် တစ်ပါး၏ မိန့်ကြားမှုအရ သိရသည်။

    မြို့ထဲမှာ ဆန္ဒပြတယ်ဆိုတဲ့အခါမှာ သင်္ကန်းရုံပြီး ဝိနည်းသိက္ခာပုဒ် မဖောက်ဖျက်ရင်တော့ ဆန္ဒပြတယ်ဆိုတာနဲ့ သိက္ခာပုဒ်ငြိ စွန်းစရာ အကြောင်းမရှိဘူး။ ဆန္ဒ ကိုထုတ်ဖော်တာ အများကို သိအောင် လုပ်တယ်ဆိုတဲ့နေရာမှာ တစ်ခုတော့ မှတ်ရမယ် Strike နဲ့ Riot ကိုကွဲအောင် ကြည့်ရမယ်"ဟု ဆရာတော် ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ က ပြည်သူများ၏ မေးမြန်းမှုကို မိန့်ကြားခဲ့ခြင်းဖြစ်သည်။

  ဆန္ဒထုတ်ဖော်မှုတွင် အကြမ်းဖက်အဓိကရုဏ်းအသွင်ဆောင်၍ ဖျက်စီမှုများပါသည့် ဆန္ဒထုတ် ဖော်မှုဖြစ်ပါက Riot ဟုခေါ်၍ အပြစ်ရှိကြောင်းနှင့် မိမိဆန္ဒ မိမိတို့ကိုယ်တိုင် ဖော်ထုတ်ခြင်းဖြစ်ပါက Strike ဖြစ်၍ အပြစ်မရှိကြောင်းနှင့် ဆန္ဒထုတ်ဖော်မှုတွင် Hungier Strike မှာလည်း ငြိမ်းသက် ဆေးဆေးစွာ သဘောထားထုတ်ပြန်မှုဖြစ်၍ ဆန္ဒထုတ်ဖော်မှုတွင် Strike ဖြစ်ပါက အပြစ်မရှိ၍ သိက္ခာပုဒ်နှင့်ညှိစွန်းရန် မရှိကြောင်း ဆရာတော်က မိန့်ကြားခဲ့ခြင်းဖြစ်သည်။

  မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် လက်ထက်ကတည်းက ဒေဝဒတ်ပြဿနာ ပေါ်ကာနီးအချိန်၌ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်နှင့် ရဟန်းတော်များ ရာဇဂြိုဟ်တွင် ဆန္ဒထုတ်ဖော်မှု တစ်ရပ်ပြုခဲ့ဖူးကြောင်းကိုလည်း သိရသည်။

  "ဒေဝဒတ်က မြတ်စွာဘုရားကိုဆန့်ကျင်ပြီးတော့ သူရာဇဝတ်အမှုမကင်းတဲ့ အလုပ်တွေကို လုပ်တော့ မယ်ဆိုတာ ဘုရားက သိတယ်။ သိတဲ့အခါကြတော့ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကို ဦးဆောင် ခိုင်းပြီးတော့ ပကာသနိ ယကံဆိုတာကို ပြုခိုင်းတယ်။ ပကာသ နိယရဲ့ အဓိပ္ပာယ်က ဘာလဲ ဆိုတော့ ဒေဝဒတ်ရဲ့ သဘောထားနဲ့ ဘုရားသာသနာမှာ ကျန်တဲ့ရဟန်းတွေရဲ့ သဘောထားမ တူတာကို ထုတ် ဖော်ပြတာ ဒါလည်း ဆန္ဒပြတာပါပဲ။ ဒီလိုထုတ်ဖော်တာကို ရာဇဂြိုဟ်မြို့ထဲမှာရှင်သာရိ ပုတ္တရာ ခေါင်းဆောင် ပြီးတော့ လိုက်ပြောရတယ်။ ဒေဝဒတ်ရဲ့ သဘောထားဟာ အရင်တုန်းကတစ်မျိုး အခု တစ်မျိုး ဖြစ်နေပြီ။ ဒေဝဒတ် လုပ်သမျှကိစ္စတွေဟာ သာသနာနဲ့မဆိုင်ဘူး။ ကျန်တဲ့ရဟန်းတွေနဲ့ မဆိုင်ဘူး။ ဒေဝဒတ်နဲ့သာဆိုင်တယ်ဆိုတာကို ထုတ်ဖော်ကြေငြာပြီး မြို့ထဲမှာ လှည့်လည် ပြောတာ ရှိတယ်။ အဲဒါကို တစ်နည်းအားဖြင့်ပြောရရင် ဒါဆန္ဒပြတာပါပဲ။ အဲဒီလို ပြသင့်တဲ့ အချိန်မှာပြတာ အကောင်းဘက်ကို ဦး တည်ပြီးတော့ ပြတာ၊ အပြစ်ရယ်လို့ ပြောစရာအကြောင်းမရှိဘူးပေါ့"ဟု ဆရာတော်က ဆက်လက်မိန့်ကြားခဲ့သည်။

  မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကိုယ်တိုင်လည်း ချစ်သား ရဟန်းတို့ "ဆန္ဒမပြရဘူး၊ ဆန္ဒပြရင် အာပတ်သင့်စေ"ဆိုတာ မရှိဘူး အဲဒီတော့ ဥပဒေမရှိသည့် အတွက်ကြောင့် ဘယ်သိက္ခာပုဒ်နဲ့မှ ငြိစွန်းစရာ မရှိဘူး။ သို့သော် ငြိစွန်းနိုင်စရာ ဆိုလို့ မြို့ထဲရွာထဲသွာရင် သင်္ကန်းရုံသွားရမယ်၊ မျက်လွှာ ချပြီး သွားရမယ်ဆိုတဲ့ သေက္ခိယသိက္ခာပုဒ် မှာ လိုက်နာရမယ့်အရာလေးတွေရှိတယ်။ အဲဒီအတိုင်း လိုက်နာရင်တော့ ဒါဟာဆန္ဒပြတာနဲ့ မဆိုင်ဘူး သွားတာလာတာနဲ့ ဆိုင်တယ်ဟူ၍သာ ဆရာတော် မှ မိန့်ကြားခဲ့သည်။

  အထက်ပါအကြောင်းအရာများမှာ ဆရာတော် ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ (ပါချုပ်-ဆရာတော်)မှဘုရားကြီး၏ စင်္ကာပူ တရားပွဲ ပထမမြောက်နေ့တွင် စကာပူရောက်မြန်မာလူမျိုးများ မေးမြန်းသည့် မေးခွန်းအား ပြန်လည်မိန့်ကြားခဲ့ခြင်းဖြစ်သည်။

   လက်ရှိမြန်မာနိုင်ငံ၌ လက်ပံတောင်းတောင်အရေးအား အင်အားသုံးဖြိုခွင်းမှုနှင့်ပတ်သက်၍ အနယ်နယ် အရပ်ရပ်မှ သံဃာတော်များမှနေ၍ အင်အားသုံးဖြိုခွင်းမှုအား ကန့်ကွက်သည့်အနေဖြင့် အိမ်တော်ယာ ထိုင်ဆန္ဒထုတ်ဖော်ပွဲနှင့် ဆူးလေဆန္ဒထုတ်ဖော်ပွဲများအား ဆရာတော် သံဃာတော် များမှ ဦးဆောင်ပြုလုပ်လျက်ရှိသည်။

  အလားတူ နိုဝင်ဘာလ(၃၀)ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့၌လည်း သံဃာတော်များမှ ဦးဆောင်က အင်အားသုံးဖြိုခွင်းမှုနှင့်ပတ်သက်၍ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

  Myit Makha Media Group

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။