Wednesday, December 5, 2012

 ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဒေသခံလူထုနှင့်တွေ့ဆုံကာ လက်ပံတောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ လုပ်ငန်းစတင်


ဒီဇင်ဘာလ ၅ရက်နေ့တွင် ဒေသခံလူထုနှင့်တွေ့ဆုံကာ လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်၏ လုပ်ငန်းစတင်ခဲ့ကြောင်း အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် စစ်ကိုင်းတိုင်းဒေသကြီး၊ပုလဲမြို့နယ် မဲဆန္ဒနယ်၊ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြော ကြားခဲ့သည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်များဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေ၊ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွန့်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းနှင့် ကျန်းမာရေးဝန်ကြီးဌာန၊လုပ်ငန်းခွင်ကျန်းမာရေးဌာန ညွန်ကြားရေးမှူး ဒေါက်တာမြင့်သိန်းတို့ ပါဝင်ကာ ဒီဇင်ဘာလ ၅ရက်နေ့ တွင် ဒေသခံလူထုနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ''ကော်မရှင်ရဲ့ လှုပ်ရှားမှု ပထမဆုံးစတဲ့နေ့မှာ လက်ပန်းတောင်းတောင်ဒေသ၊၀က်မှေးရွာက ဒေသခံတွေနဲ့  တွေ့ဆုံခဲ့ပါတယ်။ဒေသခံတွေနဲ့ တွေ့ဆုံတဲ့အခါမှာ စီမံကိန်းနဲ့ပတ်သက်တဲ့ ခံစားချက်တွေ၊စီမံကိန်းဆက်လုပ်သင့် မလုပ်သင့်အမြင်တွေ၊စီမံကိန်းကြောင့် ဖြစ်ပေါ်လာတဲ့ ပတ်ဝန်းကျင်အခြေအနေတွေ၊ကျန်းမာရေးဆိုင်ရာ ဖြစ်စဉ်တွေစတဲ့ အချက်တွေ ကို မေးမြန်းနားထောင်ပါတယ်။နောက်ရက်တွေမှာ အခြားရွာတွေဘက် ဆက်လက်လေ့လာဖို့ရှိပါတယ်''ဟု ပြောကြားခဲ့သည်။

ထို့ပြင် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့မှ သက်ဆိုင်ရာတာဝန်ရှိသူများသည် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းခွင်ဧရိယာသို့ ၀င်ရောက် လေ့လာရန်ရှိကြောင်း၊ ယခုကဲ့သို့ ဒေသခံများထံမှရရှိသည့် အသံများကို မှတ်တမ်းပြုစုကာ ကော်မရှင်ဥက္ကဌထံ ပြန်လည်တင်ပြသွားရန်ရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဆက်လက်ဆောင်ရွက်ခွင့် ပြုရန်သင့် မသင့်စီစစ်ရန် စုံစမ်းရေးကော်မရှင်ကို နိုင်ငံတော်သမ္မတမှ ဒီဇင်ဘာလ ၃ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။