ထိုင်းနိုင်ငံ ရနောင်းခရိုင် ကလဘူရီမြို့အနီး၌ ဖမ်းမိသည့် တရားမ၀င်ဝင်ရောက်သည့် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံဥပဒေအရအရေးယူပြီးပါက မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်းသိရသည်။
"ဖမ်းဆီးမိတဲ့သူတွေကိုတော့ ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူဆောင်ရွက်ပြီးရင် မြန်မာနိုင်ငံကို ပြန်ပို့မှာပါ " ဟု ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံးက အရာရှိက ပြောသည်။
တနင်္သာရီတိုင်းမှ ထိုင်းနိုင်ငံသို့ တရားမ၀င် ၀င်ရောက်လုပ်ကိုင်ရန်ကြိုးစားနေသူ မြန်မာနိုင်ငံသား (၅၆)ဦးအား ဒီဇင်ဘာလ (၄) ရက်နေ့ လင်းအားကြီးအချိန်က ရနောင်းခရိုင် ကလဘူရီမြို့အနီး၌ ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက ဖမ်းမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများမှာ ထိုင်းနိုင်ငံဖူးခက်၊ ဘန်ကောက်နှင့် တောင်ပိုင်းရှိ ဆီအုန်းစိုက်ခင်းများနှင့် ရာဘာစိုက်ခင်းများတွင် သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် နံနက်(၄)နာရီ ၀န်းကျင်၌ ကားနှင့်ထွက်လာစဉ် ရနောင်း လူဝင်မှုကြီးကြပ်ရေး အရာရှိမှ စစ်ဆေးဖမ်းဆီးနိုင်ခဲ့ ခြင်းဖြစ်သည်။
" မြန်မာနိုင်ငံဖက်ခြမ်းကနေ ၀င်လောတာဖြစ်ပေမယ့် ဘယ်နေရာကနေ ၀င်လာကြတယ်ဆိုတာတော့ မသိရှိဘူးလို့ ပြောပါတယ်။ သူတို့ ဖူးကတ်၊ စူလတ်၊ ဘန်ကောက် စတဲ့မြို့နယ်တွေမှာ သွားရောက် အလုပ်လုပ်ကိုင်ကြမှာ ဖြစ်တယ်လို့ စစ်ဆေးမှုအရ သိရတယ်။ "ဟု ရနောင်းလူဝင်မှုကြီးကြပ်ရေး အရာရှိမှ ထိုင်းဘာသာဖြင့်ပြောသည်။
ဖမ်းဆီးမိသူများအား လက်ရှိတွင် နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်း၌ထား၍ ခေါ်ဆောင်လာသည့် လူပွဲစားအား လိုက်လံစုံစမ်းလျက်ရှိပြီး ၄င်းထံ မြန်မာနိုင်ငံသားတစ်ဦးလျှင် ထိုင်းဘတ်ငွေ ငါးထောင်ကနေ ရှစ်ထောင်အထိ ပေးဆောင်ခဲ့ရကြောင်းကိုလည်း သိရသည်။
မြန်မာနိုင်ငံသား ၅၆ဦးအား သယ်ဆောင်လာသည့် ကားမောင်းသမားနှင့် လူပွဲစားမှာ စစ်ဆေးမှုပြုလုပ်နေစဉ် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်းနှင့် လူပွဲစားကို ထိုင်းစစ်တပ်မှ လိုက်လံဖမ်းဆီးလျှက်ရှိသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ(၂)ရက်နေ့ကလည်း တဖက်နိုင်ငံသို့ တရားမ၀င်သွားရောက် အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသား (၆၇)ဦးအား ကန်ချနဘူရီခရိုင် စံခလဘူရီမြို့အနီးတွင် ဖမ်းမိခဲ့ပြီး ထိုအထဲ၌ ကလေး(၁၈)ဦး ပါဝင်ကြောင်းနှင့် ဖမ်းဆီးရမိသူများအား စစ်ဆေးပြီးပါက ဘုရား(၃)ဆူသို့ ပြန်လည်ပို့ဆောင်သွားမည် ဖြစ်ကြောင်း ထိုင်းတာဝန်ရှိသူတစ်ဦး ၏ ပြောကြားမှုအရ သိရသည်။
ယခုကဲ့သို့ ထိုင်းနိုင်ငံ၌ အဖမ်းခံရသူအများစုမှာ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ဖူးသူများဖြစ်ပြီး ထိုင်းအလုပ်ရှင်မှ အလုပ်သမား လက်မှတ် သက်တမ်းတိုးပေးခြင်းမရှိသည့်အတွက် မြန်မာနိုင်ငံသို့ ပြန်ပို့ခံရသူအများစု ပါဝင်ကြောင်းကိုလည်း သိရသည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။