Saturday, December 8, 2012

တော်ဝင်သစ်အချောထည် စက်ရုံ ပြဿနာ မပြေလည်သေး


 တော်ဝင်သစ်အချောထည် စက်ရုံမှ အလုပ်ရှင်နှင့် အလုပ်သမားများ ပြဿနာပြေလည်မှုမရရှိသေးသဖြင့် အလုပ်သမားများမှ မရမ်းကုန်းမြို့နယ် အလုပ်သမားဝန်ကြီးဋ္ဌာန ရုံးရှေ့တွင် ယနေ့ထိတိုင် ဆက်လက်ဆန္ဒ ထုတ်ဖော်လျက်ရှိကြောင်း သိရှိရသည်။



"မရမ်းကုန်းမှာပဲရှိနေတယ်။ အလုပ်ရှင်ဘက်နေပြီးတော့ ဆုံးဖြတ်ချက်ကို မရှင်းလို့ ဆိုပြီးတော့ ပြန်မေး ထားတာရှိတယ်။ အလုပ်သမားဆက်ဆံရေးဦးစီးဋ္ဌာနက ညွှန်ကြားရေးမှုးချုပ်ကို မေးထားတဲ့စာရှိတယ်။ အလုပ်သမား တွေက ဒီဟာကိုအမြန်ဆုံးလုပ်ပေးဖို့တောင်းနေတယ်။ မြို့နယ်မှာ မလုပ်ပေးတဲ့အတွက် ဆက်ပြီးတော့ တောင်းနေရတာ"ဟု Action Labour Right မှ ကိုကျော်ကျော်က ပြောသည်။


ခုံသမာဓိရုံး၏ ဆုံးဖြတ်ချက်များကို အလုပ်သမားများအနေဖြင့် လက်ခံပြီး အလုပ်ရှင်ဘက်မှ နားမလည်ဘူးဟု အယူခံတင်လိုက်သောကြောင့် အလုပ်သမားများ အလုပ်ခွင်ထဲသို့ ပြန်လည်ဝင်ရောက်နိုင်ခြင်း မရှိခဲ့ သေးကြောင်း သိရှိရသည်။


"အလုပ်ရှင်ဘက်တင်တဲ့ အယူခံကို နိုဝင်ဘာ(၂၆)ရက်နေ့မှာ ခုံကောင်စီကနေပြီးတော့ ထပ်ပြီးတော့ ဆုံးဖြတ် ချက်ချခဲ့တယ်။ ချတဲ့ ဆုံးဖြတ်ချက်ကလည်း အရင်အတိုင်းပဲ ပြောရမယ်ဆိုရင် အလုပ်ရှင်ဘက်က ဘယ်အချက်ကိုမှမလိုက်နာတာပါ။ အခုဒီအခြေနေထိတောင်းဆိုနေရတာပါ"ဟု Action Labour Right မှ ကိုကျော်မင်းက ပြောသည်။


နိုဝင်ဘာလ(၂၆)ရက်နေ့တွင် ခုံကောင်စီမှ ထပ်တိုး၍ ချမှတ်လိုက်သော ဆုံးဖြတ်ချက်တွင် ဆန္ဒပြနေစဉ် အလုပ်ပျက်ကွက်သည့် လုပ်ခလစာများကို အလုပ်ရှင်မှ ပေးရမည် ဆိုသည့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ကြောင်း သိရှိရသည်။   


"ခုံကောင်စီကချလိုက်တဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့အနေနဲ့ လက်ခံတယ်။ အလုပ်ရှင်လိုက်နာအောင် တာဝန်ယူ ဖြေရှင်းပေးမယ့်သူမှရှိဘူး။ မရမခြင်းတော့တောင်းဆိုသွားမယ်။ အမြန်ဆုံး အဆင်ပြေချင်တယ်"ဟု အလုပ်သမားတစ်ဦးက ဆိုသည်။


အလုပ်သမားများအနေဖြင့် ဆက်လက်တောင်းဆိုမှု ပြုလုပ်သွားမည့် အချက်မှာ ၎င်းတို့၏ ပြဿနာကို တာဝန်ယူဖြေရှင်းပေးမည့် သူလိုအပ်နေကြောင်း သိရှိရသည်။


"အလုပ်ရှင်လိုက်နာအောင်တာဝန်ယူ ဖြေရှင်းပေးမယ့်သူမရှိဘူး (၈) မိုင်အလုပ်သမားဝန်ကြီးရုံးမှာ (၃)ကြိမ် တိတိမေးတယ်ပေါ့။ သူတို့က တာဝန်ယူ မဖြေရှင်းနိုင်ဘူးလို့ငြင်းတယ်။ ခုံကောင်စီက ဆုံးဖြတ်ချက်ချ လိုက်တဲ့ အတွက် ခုံကောင်စီကရှင်းရမယ်လို့ ထပ်လွှဲတယ်။ တာဝန်ယူမှုမရှိတဲ့အတွက် အလုပ်သမားတွေက ပိုပြီးတော့ နစ်နာမှုတွေဖြစ်နေတယ်။ ဒီကိစ္စကိုတကယ်အရေးယူပေးနိုင်တဲ့သူတွေကို အမြန်ဆုံးဖြေရှင်းပေးစေချင်တယ်။" ဟု ကိုကျော်မင်းက ဆက်ပြောသည်။


အဆိုပါ ဆန္ဒပြတောင်းဆိုမှုသည် အောက်တိုဘာလအတွင်းမှ စတင်ဖြစ်ပေါ်နေခြင်းဖြစ်ပြီး နိုဝင်ဘာလ (၁၁)ရက်နေ့တွင် ခုံသမာဓိရုံးမှ အလုပ်သမားများ၏ တောင်းဆိုချက်များကို လိုက်လျောရမည်ဟု ဆုံးဖြတ် ချက်ချလိုက်သော်လည်း အလုပ်ရှင်မှ အယူခံဝင်ခဲ့သောကြောင့် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်နိုင်ခြင်း မရသောကြောင့် ဆန္ဒပြမှုများဆက်လက်ပြုလုပ်နေရခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။