Monday, September 3, 2012

 အင်းလေး ဒေသပတ်ဝန်းကျင်တွင် ဟိုတယ်ဇုန်တစ်ခု ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေ


အင်းလေးဒေသ ပတ်ဝန်းကျင်တွင် ဟိုတယ်များ ပိုမိုလိုအပ်လာ သည့်အတွက် ဟိုတယ်ဇုန်တစ်ခု ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ သိရှိရသည်။

ပြီးခဲ့သည့် သြဂုတ်လ နောက်ဆုံးပတ်က ရှမ်းပြည်နယ် အင်းလေး ဒေသ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ညောင်ရွှေမြို့နယ်တွင် ပြုလုပ်ခဲ့ပြီး ယင်းအလုပ်ရုံဆွေးနွေး ပွဲ၌ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စု န်ကြီး(ယခင်)က ယင်းသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီး သွားများ ၀င်ရောက်မှုသည် ၂၀၁၂ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်းခန့် တိုး တက်လာပြီး အဓိက ခရီးစဉ်ဒေသများတွင် ဟိုတယ်အခန်းလိုအပ်ချက်များ မြင့်တက်လာကာ ယင်းအနက် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး ဒေသတို့ ပါဝင်နေသည်ဟု ခရီးသွားလုပ်ငန်း နယ်ပယ်မှ သိရှိရသည်။
မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဟို တယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန၏ အချက်အလက်များ အရဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းပေါင်း ၇၃၁ ခုရှိပြီး အခန်းအရေအတွက် ၂၅၀၀၂ ခန်း ရှိနေသည်။
အင်းလေးကန်သည် ပင်လယ် ရေမျက်နှာပြင်အထက် ၂၉၁၅ ပေခန့် တွင် တည်ရှိပြီး ရှားပါးသည့် သဘာဝ ရေချိုကန် ဖြစ်သည်။
ရှမ်းပြည်နယ်ဒေသကြီး အတွင်း ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံခြားသားဧည့်သည်များ စိတ်ဝင်စားမည့် ခရီးစဉ်နေရာသစ်များ ဖော်ထုတ်ရန် လိုအပ်သကဲ့သို့ အင်းလေးကန်၊ ရေပူစမ်း၊ ထန်စမ်းဂူ စသည့်သဘာဝ ခရီးစဉ်ဒေသနေရာများကို ထိန်းသိမ်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ်က ရှမ်းပြည်နယ် အင်းလေးဒေသ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် တည်ရှိနေသည့် ဟိုတယ်ဇုန်များမှာ ရန်ကုန် ဇုန်၊ မန္တလေးဇုန်၊ ပုဂံဇုန်၊ တောင် ကြီးဇုန်၊ ချောင်းသာဇုန်၊ ရခိုင်ဇုန်၊  မော်လမြိုင်ဇုန်၊ ရွှေတြိဂံဇုန်၊ ပဲခူးဇုန်၊ ငွေဆောင်ဇုန်၊ နေပြည်တော်ဇုန် စသည်တို့ဖြစ်ကြသည်။  

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။