Monday, September 3, 2012

ရခိုင်ပြည်နယ်အတွင်း နေရပ်ရွှေ့ပြောင်းနေထိုင်ရသူ အများစုမှာ အစိုးရ၊ အခြားအဖွဲ့များနှင့် ဘာသာရေး အဖွဲ့အစည်းများမှ ထောက်ပံ့သော စားနပ်ရိက္ခာအပေါ် မှီခိုနေရဆဲဖြစ်


ရခိုင်ပြည်နယ်အတွင်းရှိ နေရပ် ရွှေ့ပြောင်းအခြေချ နေထိုင်ရသူ ဒုက္ခသည်အများစုမှာ အစိုးရ၊ လူသားချင်း စာနာထောက်ထားသော အဖွဲ့အစည်းများနှင့် ဘာသာရေး အဖွဲ့အစည်းများက ထောက်ပံ့ပေးသော စားနပ်ရိက္ခာအပေါ်တွင် အလွန်အကျွံ မှီခိုနေရဆဲဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထား မှုလုပ်ရပ်များ ကူညီဆောင်ရွက်ပေးရေးရုံး UNOCHA ၏ဇူလိုင်လနှင့် သြဂုတ်လအတွက် ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဒုက္ခသည်စခန်းများတွင် လက်ကျန်စားသောက်ကုန် ပစ္စည်းများမှာ နည်းပါးနေပြီး ၎င်းတို့အတွက် အစားအသောက်များ ဆက်လက်ထောက်ပံ့ပေးရန် လိုအပ်နေဦးမည်ဖြစ်သည်ဟု ဆိုပါသည်။
အဆိုပါနေရာများတွင် ဆရာ ပြတ်လပ်မှုလည်း ဆိုးရွားစွာဖြစ်ပေါ်နေပြီး ကျောင်းသားမိဘများ အနေနှင့်လည်း လုံခြုံရေးအကြောင်းပြချက်ကြောင့် သားသမီးများကို ကျောင်းသို့လွှတ်ရန် တုံ့ဆိုင်းမှုများ ဖြစ်ပေါ်နေ သည်ဟု သိရသည်။
အဆိုပါဒုက္ခသည် စခန်းများတွင် ယခုအချိန်ထိ ဆိုးရွားသည့် ကပ်ရောဂါကြီးများ မဖြစ်ပေါ်သေးသော်လည်း ၀မ်းရောဂါဖြစ်ပွားသူဦးရေ တိုးလာပြီး ငှက်ဖျားဖြစ်ပွားသူ အချို့လည်းရှိ နေကြောင်း ဒေသရှိရွေ့လျားဆေးပေး ခန်းများမှ သတင်းပေးပို့သည်ဟု ဆိုသည်။
ကလေးသူငယ် အာဟာရပြည့်ဝမှုဆိုင်ရာ အချက်အလက်များမှာ စိုးရိမ်ဖွယ်ရာ အခြေအနေတွင် ရှိနေပြီး စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့သည့်နေရာများ၏ တစ်ဝက်ကျော်တွင် အာဟာရ ချို့တဲ့မှုများကို တွေ့နေရကာ ကလေး ၂၀၀၀ ခန့်တွင် အာဟာရချို့တဲ့မှုကြောင့် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင် ရောက်ရှိနေကြောင်း သိရသည်။
အဆိုပါဒုက္ခသည်ဦးရေ ၈၀၀၀၀ ခန့်ကို လာမည့် ဒီဇင်ဘာလအထိ လိုအပ်သော အကူအညီများပေးရန် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၅ သန်း လိုအပ်မည်ဟု UN OCHA ၏ အစီရင်ခံစာအရ သိရသည်။
ရခိုင်ပြည်နယ်အစိုးရက သြဂုတ် လ ၁၁ ရက်နေ့အထိ ရွှေ့ပြောင်း နေရာချထားသူ ၆၈၅၀၀ ကျော်ကို စစ်တွေ၊ ကျောက်တော်၊ မောင်တောတို့ရှိ ဒုက္ခသည်စခန်းများ၌ နေရာချထားသည်ဟု သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။