Monday, September 3, 2012

 ဧရာဝတီနှင့် ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် ပြည်တွင်းဆိပ်ကမ်းသစ် ခြောက်ခုအား ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့် တည်ဆောက်ရန် စီစဉ်

7485

မန္တလေးဂေါဝိန်ဆိပ် တစ်နေရာ ဓာတ်ပုံ - မင်းသန့်
ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် ကြောင်း တစ်လျှောက် ပြည်တွင်းဆိပ်ကမ်းသစ် ခြောက်ခုအား ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများဖြင့် တည်ဆောက်ရန် စီစဉ်ထားကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒု-ညွှန်ချုပ်ဦးကိုကိုဦး ၏ ပြောကြားချက်အရ သိရသည်။

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ဧရာဝတီမြစ်ပေါ်တွင် ပြည်တွင်း ဆိပ်ကမ်းသစ်လေးခုနှင့် ချင်းတွင်းမြစ်ပေါ်တွင် ပြည်တွင်းဆိပ်ကမ်းသစ် နှစ်ခုအား တည်ဆောက်နိုင်ရန် လျာထားပြီး၊ ပြည်တွင်းပြည်ပ ရင်းနှီး မြုပ်နှံမှုများဖြင့် တည်ဆောက်သွား ရန် ကနဦးလျာထားခြင်းဖြစ်သည်။
ဧရာဝတီမြစ်ပေါ်တွင် တည်ဆောက်နိုင်ရန် လျာထားသည့် ပြည်တွင်းဆိပ်ကမ်းသစ်လေးခုမှာ စင်းခန်း ဆိပ်ကမ်း၊ မန္တလေးဆိပ်ကမ်း၊ ပခုက္ကူ ဆိပ်ကမ်းနှင့် မကွေးဆိပ်ကမ်းတို့ ဖြစ်ပြီး ချင်းတွင်းမြစ်ပေါ်တွင် တည်ဆောက်နိုင်ရန် လျာထားသည့် ပြည်တွင်းဆိပ်ကမ်းသစ်နှစ်ခုမှာ မုံရွာဆိပ်ကမ်းနှင့် ကလေးဝဆိပ်ကမ်းတို့ ဖြစ်သည်။
“ကျွန်တော်တို့ဌာနက ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ပေါ်မှာ ပြည်တွင်းဆိပ်ကမ်းသစ် ခြောက်ခုကို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေနဲ့တည်ဆောက်သွားဖို့ လျာထားပါတယ်”ဟု ဒု-ညွှန်ချုပ်ဦးကိုကိုဦးက ပြောကြားသည်။
ဧရာဝတီမြစ်ပေါ်တွင် တည်ဆောက်ခွင့်ပြုသွားမည့် စင်းခန်းဆိပ်ကမ်းမှာ တရုတ်နိုင်ငံ၊ ယူနန်ပြည် နယ်နှင့် မြန်မာနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော် ကုန်သွယ်လုပ်ငန်းများ ဖွံ့ဖြိုးလာရန်နှင့် တရုတ်နိုင်ငံမှ ကုန်စည်များ ဧရာဝတီမြစ်ရေလမ်းကြောင်းကို အသုံးပြု၍ ရန်ကုန်မြို့အထိ သယ်ဆောင်နိုင်ရန် ရည်ရွယ်ပြီးကုန်သေတ္တာ လက်ခံကိုင်တွယ်နိုင်မည့် ပြည်တွင်း ဆိပ်ကမ်းတည်ဆောက်ရန် ဖြစ်သည်။
မန္တလေးဆိပ်ကမ်းအား မြန်မာပြည် အထက်ပိုင်းနှင့် အောက်ပိုင်း တို့မှ ကုန်စည်များ သယ်ယူပို့ဆောင် ရန် မန္တလေး-မုံရွာ-တမူးလမ်း ကြောင်းနှင့် မန္တလေး-လားရှိုး-ရွှေ လီလမ်းကြောင်းများ ဖွံ့ဖြိုးလာပါက ကုန်စည်နှင့် ကုန်သေတ္တာများ လက်ခံကိုင်တွယ်နိုင်ရန် တည်ဆောက်ခြင်း ဖြစ်သည်။
မကွေးဆိပ်ကမ်းအား ကျောက်ဖြူ- မကွေး-မန္တလေး- ရွှေလီစင်္ကြံန်လမ်း ဖွံ့ဖြိုးလာပါက အပြန်အလှန် ပို့ဆောင်မည့် ကုန်စည်များကို လည်းကောင်း၊ မြန်မာပြည်အထက်ပိုင်းမှ ကုန်စည်များကိုလည်းကောင်း ပို့ဆောင် ဖြန့်ချိရန် အတွက် ကုန်သေတ္တာများ လက်ခံကိုင်တွယ်နိုင်မည့် ဆိပ်ကမ်း တည်ဆောက်သွားမည် ဖြစ်သည်။
ချင်းတွင်းမြစ်ပေါ်တွင် တည်ဆောက်မည့် ကလေးဝဆိပ်ကမ်း မှာ အိန္ဒိယနယ်စပ်နှင့် ဆက်သွယ်၍ ကုန်စည်များပို့ဆောင်ရာတွင် စခန်း ထောက်နေရာဖြစ်သော မြစ်သာမြစ် နှင့် ချင်းတွင်းမြစ်ဆုံရာရှိ ကလေးဝ မြို့၌ ကုန်သေတ္တာ လက်ခံကိုင်တွယ်နိုင်မည့် ဆိပ်ကမ်းတည်ဆောက်မည် ဖြစ်သည်။
ပြည်တွင်းဆိပ်ကမ်းသစ်များအား တိုးချဲ့တည်ဆောက်ခြင်းအားဖြင့် ရေလမ်းကြောင်းများတွင် ရေ ယာဉ်များ၏ ၀န်တင် အလေးချိန်ပိုမို သယ်ဆောင် သွားလာနိုင်ပြီး၊ ပြည်တွင်းကုန်စည် ပို့ဆောင်မှုများ ချောမွေ့မြန်ဆန်လာနိုင်ခြင်း၊ ဆိပ်ကမ်းများနှင့် ဆက်စပ်၍ အထူးစီးပွားရေး ဇုန်၊ စက်မှုဇုန်များဖွံ့ဖြိုးလာနိုင်ခြင်း အခွန်ဝင်ငွေ တိုးတက်ရရှိစေခြင်း၊ ခရီးသွားလုပ်ငန်း တိုးတက်လာနိုင်ခြင်းနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အခွင့်အလမ်း တိုးတက်လာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။
“ကျောက်ဖြူနဲ့တရုတ်ရွှေလီ စီမံကိန်းတွေရဲ့ ကုန်စည်စီးဆင်းမှုမှာ ဧရာဝတီမြစ်ကို အသုံးချမယ်ဆိုရင် ဒီပြည်တွင်း ဆိပ်ကမ်းတွေက မဖြစ်မနေ လိုအပ်လာမှာပါ။ ကျွန်တော်တို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အနေနဲ့ နိုင်ငံတကာဆိပ်ကမ်းတွေ တည်ဆောက်နေတာ ဖြစ်လို့ ပြည်တွင်းဆိပ်ကမ်းတွေ တည်ဆောက်တဲ့နေရာမှာ အကြံဥာဏ်တွေ လိုအပ်လာရင်တော့ ကူညီပေးသွားမှာပါ”ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်က ပြောကြားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။