
ရန်ကုန်မြို့သို့ အောက်တိုဘာလမှ စတင်ပျံသန်းမည့် All Nippon Airways (ANA) လေကြောင်းလိုင်းအား တွေ့ရစဉ်
လာမည့် ပွင့်လင်းရာသီကာလဖြစ်သော အောက်တိုဘာလမှ စတင်ကာ နိုင်ငံတကာ လေကြောင်းလိုင်း ငါးခုမှ မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် တိုက်ရိုက်လေကြောင်းခရီးစဉ်များ စတင် ပျံသန်းမည်ဖြစ်ကြောင်း မြန်မာ့လေကြောင်းမှ ဦး ဆောင်ညွှန်ကြားရေးမှူး ဦးသန်းထွန်း၏ ပြောကြားချက်အရ သိရပါသည်။
ယင်းသို့ မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် တိုက်ရိုက်လေကြောင်းခရီးစဉ်များ စတင်ပျံသန်းမည့် နိုင်ငံတကာ လေကြောင်းလိုင်းငါးခုမှာ All Nippon Airways (ANA)၊ကာတာ လေကြောင်းလိုင်း၊ EVA လေကြောင်းလိုင်း၊ ကိုရီးယားလေကြောင်းလိုင်းနှင့် Condor လေကြောင်းလိုင်းတို့ ဖြစ်သည်။ All Nippon Airways (ANA)လေကြောင်းလိုင်းသည် ဂျပန်နိုင်ငံ နာရီတာလေဆိပ်မှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ တိုက်ရိုက်လေကြောင်းခရီးစဉ်ကို၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့၌ စတင်ပျံသန်းမည် ဖြစ်သည်။ ကာတာလေကြောင်းလိုင်းမှ ရန်ကုန်-ဒိုဟာ တိုက်ရိုက် လေကြောင်းခရီးစဉ်အား ၂၀၁၂ အောက်တိုဘာလ ၃ ရက်နေ့၌ စတင်ပျံသန်းမည်ဖြစ်သည်။
ထိုင်ဝမ်နိုင်ငံအခြေစိုက် EVA လေကြောင်းလိုင်းသည် အောက်တိုဘာလ ၉ ရက်နေ့မှစတင်ကာ နှစ်နိုင်ငံ လေကြောင်းပျံသန်းမှုများအား စတင်ရန် စီစဉ်လျက်ရှိသည်။
ကိုရီးယားလေကြောင်းလိုင်းသည် တောင်ကိုရီးယားနိုင်ငံ အင်ချွန်း နိုင်ငံတကာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့အကြား တိုက်ရိုက်ခရီးစဉ်အား စက်တင်ဘာလ ၁၃ ရက်နေ့မှ စတင်ပျံသန်းမည်ဖြစ်သည်။
ဂျာမနီနိုင်ငံအခြေစိုက် Condor လေကြောင်းလိုင်းသည် ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့မှ ရန်ကုန်မြို့သို့ အောက်တိုဘာလတွင် တိုက်ရိုက်ခရီးစဉ် စတင်ပြေးဆွဲမည်ဖြစ်သည်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ပွင့်လင်းရာသီကာလမှ စတင်ကာ အခြားနိုင်ငံတကာ လေကြောင်းလိုင်းများသည်လည်း မြန်မာနိုင်ငံသို့ တိုက်ရိုက်ပျံသန်းရန် စီစဉ်လျက်ရှိနေပြီး ယင်းလေကြောင်းလိုင်းအချို့မှာ ဟောင်ကောင်အခြေစိုက် CPA လေကြောင်းလိုင်း၊ ဘင်္ဂလားဒေ့ရှ် အခြေစိုက် Biman လေကြောင်းလိုင်းတို့ ဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံနှင့် တိုက်ရိုက်ပျံသန်းနေသော နိုင်ငံတကာလေကြောင်းလိုင်းများမှာ ထိုင်းအဲဝေး၊ ဘန်ကောက်အဲဝေး၊ ထိုင်းအဲအေးရှ၊ Silk Air ၊ China Eastern Airlines၊ ဗီယက်နမ်အဲလိုင်း၊ ဂျက်စတားအေးရှ၊ မလေးရှားအဲလိုင်း၊ အဲချိုင်းနား၊ ချိုင်းနားအဲလိုင်း၊ China Southern Airlines နှင့် Air Asia Berhad လေကြောင်းလိုင်းတို့ ဖြစ်ကြသည်။
ပြည်တွင်းလေကြောင်းလိုင်းများမှလည်း လေယာဉ်များအသစ် ၀ယ်ယူဖြည့်တင်းခြင်း၊ ခရီးစဉ်များ တိုးချဲ့ပျံသန်းရန် စီစဉ်လျက်ရှိနေကြောင်း သိရှိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။