Monday, September 3, 2012

 သမ္မတရုံး ဝန်ကြီးနှစ်ဦးနှင့် ပြည်ပမှ ပြန်လည်ရောက်ရှိနေသည့် ABSDF ဗဟိုဥက္ကဌဟောင်းများ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး ဆွေးနွေးမှုများပြုလုပ်



စက်တင်ဘာလ ၂ ရက်နေ့က ပြုလုပ်သော တွေ့ဆုံဆွေးနွေးပွဲအား တွေ့ရစဉ်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံး ဝန်ကြီးနှစ်ဦးနှင့် ပြည်ပမှ ပြန်လည် ရောက်ရှိနေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ဗဟိုဥက္ကဌဟောင်းများတို့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး ဆွေးနွေးမှုများကို ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၈နာရီ အချိန်က ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ဦးဝိစာရလမ်းနှင့် ရွှေလီလမ်းထောင့် ခြံအမှတ် ၁၃ တွင် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် သမ္မတရုံး ဝန်ကြီးနှစ်ဦး ဖြစ်သည့် ဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် ABSDF ဗဟိုဥက္ကဌဟောင်းများ ဖြစ်သည့် ကိုမိုးသီးဇွန်၊ ဒေါက်တာနိုင်အောင်၊ ကိုထွန်းအောင်ကျော် စသည့် အဖွဲ့တို့ပါဝင်ပြီး ဦးလှမောင်ရွှေ၊ ဦးဇာဂနာတို့လည်း ပါဝင်ကြောင်း သိရသည်။
စက်တင်ဘာလ ၂ ရက်နေ့ကပြုလုပ်သော တွေ့ဆုံဆွေးနွေးပွဲအပြီး တွေ့ရစဉ်
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက "နိုင်ငံကို ၂၀၁၁ ခုနှစ် မတ်လကစပြီး အစိုးရ အဖွဲ့သစ်က ပြုပြင်ပြောင်းလဲမှု ဆက်တိုက် လုပ်ဆောင်နေပါတယ်။ အရင်အစိုးရ လက်ထက်မှာ ခင်ဗျားတို့ဟာ Black List ဖြစ်နေပေမယ့် အစိုးရသစ် လက်ထက်မှာတော့ ခင်ဗျားတို့က Black List မဟုတ်တော့ပါဘူး။ အစိုးရသစ် အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့အခါမှာ အားလုံးပါဝင်နိုင်အောင် လုပ်ဆောင်နေတာပါ။ ခင်ဗျားတို့ကလည်း ကျွန်တော်တို့ သိက္ခာမကျအောင် လုပ်ဆောင်ဖို့ လိုပါတယ်။ တစ်ကိုယ်လုံး ဝင်ဖို့ဆိုတာတော့ ခက်ပါတယ်။ ဆန္ဒမစောပါနဲ့။ ဖြေးဖြေးချင်း ခေါင်းအရင်ဝင်ပါ ပြီးမှ ကိုယ်လုံးဝင်ပါ" ဟု ပြောကြားခဲ့ပါသည်။
ဆွေးနွေးပွဲအပြီးတွင် ကိုမိုးသီးဇွန်က''ကျွန်တော်အားလုံးအစိုးရနဲ့ လက်တွဲဆောင်ရွက်သွားမယ်။ အစိုးရကလည်း ကျွန်တော်တို့နဲ့အတူ လက်တွဲဆောက်ရွက်မယ်။ အားလုံး ရှေ့ကို ငြိမ်းချမ်းရေး ဖွံ့ဖြိုးရေးတွေကို အတူတူ လက်တွဲဆောင်ရွက်မယ်ဆိုတဲ့ သဘောတူညီချက်တွေ အမြင်တွေ ရှိပါတယ်''ဟု ပြောကြားခဲ့သည်။

ပြည်ပမှာရှိတဲ့ ညီအစ်ကိုမောင်နှမများအားလုံး ပြန်လာရန် သဘောတူထားပြီးဖြစ်ကြောင်း၊ ပညာရှင်အားလုံးအား ဖိတ်ခေါ်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားတွေနှင့်လည်း အမြန်ဆုံး ငြိမ်းချမ်းရေး ရရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးရေး အတွက် အမြန်ဆုံး လုပ်ကိုင်ဆောင်ရွက်သွားဖြစ်ကြောင်း ကိုမိုးသီးဇွန်က ဆက်လက်ပြောကြားခဲ့သည်။

''All Incalusive ဆိုတာလေ။ အားလုံး ပါဝင်ရမယ်လေ။ အစိုးရတစ်ခုထဲနဲ့လည်း လုပ်လို့မရဘူး။ တပ်မတော်တစ်ခုထဲနဲ့လည်း လုပ်လို့မရဘူး။ အားလုံးပါမှ ဒီမှာရှိတဲ့ ဦးမိုးသီးဇွန်တို့ဆိုလည်း ဘာပဲဖြစ်ဖြစ် ပြည်ပကို ထွက်သွားပြီး ပညာတွေ အများကြီး သင်ခဲ့ပြီးပြီ။ ပညာရှင်တွေ ဖြစ်လာပြီ။ ပညာရှင်တွေရဲ့အားကိုလည်း ရယူရမှာပေါ့။ အရင်တုန်းကလို နိုင်ငံရေးသမား ဘာညာဆိုတဲ့ စိတ်မဟုတ်ပါဘူး။ သူတို့ရဲ့ ပညာတွေနဲ့ နိုင်ငံတော်ကို ပြန်ပြီးတည်ဆောက်မှာပေါ့နော်။ အားလုံးပါဝင်ရမယ်။ တစ် ယောက်မှ ချန်မထားဘူးဆိုတဲ့ သဘောပဲ'' သမ္မတရုံးဝန်ကြီး ဦးအောင်မင်းမှ ဖိတ်ခေါ်တွေ့ဆုံရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် အဓိက တိုင်းရင်းသားအရေး၊ ပညာရေးနှင့် ကျန်းမာရေးကိစ္စများအား ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်းသာ အကြမ်းဖျင်း ပြောကြားခဲ့ပြီး တွေ့ဆုံမှု အသေးစိတ်အား  စက်တင်ဘာ ၃ ရက်နေ့တွင် ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ ယုဇနဟိုတယ်တွင်ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားမည်ဖြစ်ကြောင်း ကိုမိုးသီဇွန်က မေးမြန်းမှုများအား ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် ကိုမိုးသီးဇွန်၊ ဒေါက်တာနိုင်အောင်တို့ပါဝင်သော အဖွဲ့သည် စက်တင်ဘာလ ၂ ရက်နေ့၌ပင် မြန်မာ့ရုပ်ရှင်လုပ်ငန်းတွင်ပြုလုပ်သော ပြည်ထောင်စုဝန်ကြီးများနှင့် ရုပ်ရှင်လောကသားများ တွေ့ဆုံပွဲသို့လည်း တက်ရောက်ခဲ့သည်။

နိုင်ငံတော်အစိုးရမှ အမည်ပျက်စာရင်း Black List သတ်မှတ်ခံထားရသူများကို စာရင်းမှပယ်ဖျက်ပေးခဲ့ရာ ABSDF ဗဟို ဥက္ကဌဟောင်းများဖြစ်သည့် ဒေါက်တာနိုင်အောင်၊ ကိုမိုးသီးဇွန်နှင့် ကိုထွန်းအောင်ကျော်တို့အဖွဲ့သည် သြဂုတ်လ ၃၁ ရက်နေ့နှင့် စက်တင် ဘာလ၁ရက်နေ့တို့တွင် ငြိမ်းချမ်းရေးအကျိုးဆောင်များ၏ စီစဉ်ပေးမှုဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ကြသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။