Tuesday, September 4, 2012

အမှိုက်သိမ်းစနစ်ညံ့ဖျင်းမှုကြောင့် အသက်ရှူလမ်းကြောင်းနှင့် အခြားရောဂါများ လွယ်ကူစွာဝင်ရောက်နိုင်


အမှိုက်သိမ်းစနစ်ညံ့ဖျင်းမှုကြောင့် ဖြစ်ပွားနိုင်သော ရောဂါများဒဏ်မှ ကာကွယ်ရန် စည်ပင်သာယာရေးဝန်ကြီးဋ္ဌာန အနေဖြင့် အမှိုက်သိမ်းဆည်းရာတွင် စနစ်တကျ ဆောင်ရွက်ပေးသင့်ကြောင်း ဆရာဝန်များက အကြံပြုပြောဆို ကြသည်။

စွန့်ပစ်အမှိုက်များမှထွက်လာသည့်အနံ့ဆိုးများအား ရှူရိုက်မိပါက ပန်းနာရင်ကြပ်ရောဂါ၊ အသက်ရှူလမ်းကြောင်းနှင့် ပတ်သက်သောရောဂါများ ဖြစ်ပွားတတ်ပြီး ဝမ်းရောဂါအပြင် အခြားရောဂါများလည်း ဖြစ်ပေါ်တတ်ကြောင်း ဆရာဝန် တို့ကဆိုသည်။

''အမှိုက်တွေကို ပုံမှန်မသိမ်းဆည်းနိုင်ရင် လမ်းခွေးတွေလည်း များလာမယ်။ ယင်ကောင်တွေကြောင့်လည်း ဝမ်းနဲ့ပတ်သက်တဲ့ ရောဂါတွေအပြင် အမှိုက်ကို နေ့စဉ် ကိုင်တွယ်နေရတဲ့သူတွေဆိုရင် အခြားရောဂါ အမျိုးမျိုးတွေကိုပါ ပိုခံစားရနိုင်ပါတယ် ''ဟု အလုံမြို့နယ်မှ အထွေထွေရောဂါကုဆရာဝန်   ဒေါက်တာမြင့်ဦးက ပြောသည်။   

သန့်ရှင်းရေးဝန်ထမ်းများအနေဖြင့်လည်း စွန့်ပစ်အမှိုက်များထဲမှ တစ်ခုခုဖြင့်ထိရှမိပါက မေးခိုင်ပိုးဝင်ရောက်ခြင်း၊ လက်အားသန့်စင်အောင် မဆေးကြောမိပါက အသည်းရောင်အသား ဝါပိုးကူးစက်ခံရခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ အူရောင်ငန်းဖျား ရောဂါကူးစက်ခြင်း၊ ပွေး၊ဝဲ၊ဂျွတ်၊ဒက်စသည့် အရေပြားရောဂါများ စွဲကပ်လာနိုင်သလို အမှိုက်ထဲ၌ ပါဝင်သည့် ဓါတုပစ္စည်းများကြောင့်လည်း ဓါတ်မတည့်သောရောဂါများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရှိရသည်။    

စွန့်ပစ်အမှိုက်များကြောင့်ဖြစ်ပေါ်တတ်သော ရောဂါများမှ ကာကွယ်ရန်အတွက် အမှိုက်ကားများအား အဆင့်မြင့် အဖုံးများ ပိတ်ဖုံးခြင်း၊ လေလုံမိုးလုံအမှိုက်ကားများဖြင့် အစားထိုး သိမ်းဆည်းခြင်း၊ သန့်ရှင်းရေးဝန်ထမ်းများအား ရာဘာလက်အိတ်ထူထူများ ဝတ်ဆင်ပေးခြင်း၊ ဘွတ်ဖိနပ်အရှည်နှင့် အကျီထူထူလက်ရှည်များကို ဝတ်ဆင်ပေးခြင်း၊ မေးခိုင်ကာကွယ်ဆေးများထိုးပေးထားရန်နှင့် အမှိုက်ကားထဲ၌ လက်ကိုသန့်စင် စေသော ပိုးသတ်ဆေး တစ်မျိုးမျိုး အားလည်း အဆင်သင့်ထားရှိပေးရန် လိုအပ်ကြောင်း ဆရာဝန်များက အကြံပြုပြောဆိုကြသည်။     

''ဝန်ထမ်းတွေကို ညစ်ညမ်းတဲ့အမှိုက်တွေ ကိုင်တွယ်ဖို့အတွက် လက်အိတ်၊ နှာခေါင်း စည်း၊ဖိနပ်တွေကို ပေးထား ပါတယ်။ သူတို့တွေရဲ့ ကျန်းမာရေးအတွက်လည်း ဌာနမှာရှိတဲ့ ဆရာဝန်တွေက အမြဲစစ်ဆေးပေးနေပါတယ် ''ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားသည်။   

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။