Tuesday, September 4, 2012

ရတနာပုံ နည်းပြချုပ်နှင့် လက်ထောက် ပွဲကြီးကြပ်ခွင့်ပိတ်ခံရ

ရန်ကုန် (မဇ္ဈိမ)။        ။ မြန်မာနေရှင်နယ်လိဂ် ဒိုင်လူကြီးများကို ဝေဖန်ပြောဆိုသည်ဟူသည့် စွပ်စွဲချက်ဖြင့် ရတနာပုံ အသင်းနည်းပြချုပ်နှင့် လက်ထောက်နည်းပြတို့နှစ်ဦးကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး
ကော်မတီမှ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့သလို ဒဏ်ငွေလည်း တပ်လိုက်သည်။ 



သြဂုတ်လ ၁၆ ရက်နေ့တွင် ကစားခဲ့သည့် ရတနာပုံ အသင်းနှင့် ဧရာဝတီအသင်းတို့ ပွဲစဉ်တွင် ရတနာပုံအသင်းသို့
ပြစ်ဒဏ်ဘောပေးခဲ့သည့် ကွင်းလယ်ဒိုင်လူကြီး ဦးဝင်းချိုကို ဝေဖန်ခဲ့သော ရတနာပုံအသင်း နည်းပြချုပ် အဲလ်ဗက်
ဘော်ဂတ်နှင့် လက်ထောက်  ဦးဇော်လေးအောင်တို့ကို သြဂုတ်လ ၃ဝ ရက်နေ့တွင် ပစ်ဒဏ်ပေးခဲ့ခြင်းဖြစ်သည်။

ဦးဝင်းချိုက ဂျာမဏီနိုင်ငံသား အဲလ်ဗက်ဘော်ဂတ်သည် ပွဲချိန် ၈၂ မိနစ်တွင် အနီကဒ်ပြ၍ ကွင်းပြင်သို့ ထွက်သွားစေ ခဲ့သည်။ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင်လည်း ပွဲချိန်အတွင်းချမှတ်ခဲ့သည့် ဒိုင်လူကြီးများ၏ဆုံးဖြတ်ချက်မှာ မျှတမှုမရှိကြောင်း ဝေဖန်ပြောဆိုခဲ့မှုများကို စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ စစ်ဆေးခဲ့သည်။

ပြစ်ဒဏ်များနှင့် ပတ်သက်ပြီး အသင်း၏ မီဒီယာတာဝန်ခံ ကိုသိန်းသန်းတိုးက “ဦးဇော်လေးအောင်အနေနဲ့ ဒိုင်လူကြီး
တွေကို ဝေဖန်ပြောဆိုတယ် ဆိုတဲ့နေရာမှာ ပင်နယ်တီပေးသင့်တယ်၊ မပေးသင့်ဘူး ဆိုတာမျိုးတွေလောက်ပဲ
ပြောခဲ့တာပါ။ ကြီးကြီးမားမား ဝေဖန်ပြောဆိုခဲ့တာမျိုး မဟုတ်ပါဘူး။ နည်းပြချုပ်ဘော်ဂတ် အနီကတ်အပြခံရတယ် ဆိုတာကလည်း သူ့အနေနဲ့ ကစားသမားတွေအပေါ် အားမလိုအားမရ ဖြစ်လွန်းတာကြောင့်ပါ။ ဦးဝင်းချိုကို ရည်ရွယ်ချက်ရှိရှိပြောတာ မဟုတ်ပါဘူး” ဟုမဇ္ဈိမကို ပြောသည်။

စစ်ဆေးမှုများအပြီး ရတနာပုံ နည်းပြချုပ်ကို အနီးဆုံးပွဲတပွဲ ကြီးကြပ်ခွင့် ပိတ်ပင်ခဲ့ကာ ဒဏ်ငွေ သုံးသိန်း ပေးဆောင်စေခဲ့သည်။ လက်ထောက်နည်းပြကိုမူ သတိပေးခဲ့ပြီး ဒဏ်ကြေးငွေ တသိန်း သတ်မှတ်ခဲ့သည်။

ရတနာပုံအသင်း တာဝန်ရှိသူများ ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံရခြင်းသည် ယခုနှစ်ဘောလုံးရာသီအတွင်း ပထမဆုံး အကြိမ်ဖြစ်ပြီး နည်းပြချုပ်နှင့် လက်ထောက်နည်းပြတို့ ချမှတ်ခံခဲ့ရသည့် ဒဏ်ငွေများကို အသင်းမှ စိုက်ထုတ်
ပေးဆောင်သွားမည် ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။