Tuesday, September 4, 2012

 ပြည်သူ့ လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးမှ ကန့်ကွက်

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို စစ်ဆေးရန်အတွက် ပြည်သူ့လွှတ်တော်၌ ဖွဲ့စည်းခဲ့သော စုံစမ်းစစ်ဆေးရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဆိုင်ရာ ခုံရုံးမှ ကန့်ကွက်ခဲ့ကြောင်း သိရပါသည်။ 


အဆိုပါ ကန့်ကွက်စာကို စက်တင်ဘာလ ၁ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးသိန်းစိုးက လက်မှတ်ရေးထိုးပြီး ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌထံသို့ ပေးပို့ခဲ့ခြင်း ဖြစ်ကာ မိတ္တူကို နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စု လွှတ်တော် နာယက၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချူပ်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ နှင့် ပြည်သူ့လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌတို့ထံ ပေးပို့ခဲ့ခြင်း ဖြစ်ပါသည်။ 
ကန့်ကွက်စာတွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် အဖွဲ့ဝင်များ သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအား စွပ်စွဲပြစ်တင်ရန် လက်မှတ်ရေးထိုးသူများ၊ ပြည်ထောင်စု လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တို့ တွင် တက်ကြွစွာ အဆိုတင်သွင်းသူနှင့် ထောက်ခံသူများ ဖြစ်ကြသည့် အပြင် အမှုတွင် ပါဝင် ပတ်သက်သူများ ဖြစ်ကြောင်း ထင်ရှားပြီး ဖြစ်သဖြင့် မည်သည့် နည်းနှင့်မျှ တရားမျှတမှု ရှိလိမ့်မည်ဟု မမျှော်သည့်အတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အားလုံးကို ကန့်ကွက်ကြောင်း ရေးသားခဲ့သည်။ 
ထို့အပြင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသည် ပြည်ထောင်စု တရားလွှတ်တော် ချုပ် တရားမ အထွေထွေမှု အမှတ် ၁၁၅/၁၂ တွင် စာချွန်တော် လျှောက်ထားဆဲ ဖြစ်သဖြင့် ထိုအမှုကို စီရင်ဆုံးဖြတ်ပြီးသည် အထိ စုံစမ်းစစ်ဆေးမှုကို ဆိုင်းငံ့ပေးရန် စာပေးပို့ထားပြီး ဖြစ်ကြောင်း သိရပါသည်။ 
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအပေါ် အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စုံစမ်း စစ်ဆေးရေး အဖွဲ့ကို သြဂုတ်လ ၂၉ ရက်နေ့က ပြည်သူ့လွှတ်တော်၌ ဖွဲ့စည်း လိုက်ပြီး အဆိုပါအဖွဲ့တွင် ဦးနန္ဒကျော်စွာ (ဥက္ကဋ္ဌ)နှင့်အဖွဲ့ဝင်များအဖြစ် ဦးတီခွန်မြတ်၊ သူရဦးအောင်ကို၊ ဒေါက်တာစိုးရင်၊ ဦးသောင်း၊ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါ်ဒွဲဘူ၊ ဦးမောင်ဦး၊ ဒေါ်နန်းဝါနု၊ ဦးဘရှိန်၊ ဒေါ်မြင့်မြင့်သန်း၊ ဒေါ်နန်းစေအွာ၊ ဒေါ်တင်နွယ်ဦး၊ ဦးစိုးဝင်းတို့ ပါဝင်ကြသည်။ 
အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၃ဦး၏ ထောက်ခံချက်ဖြင့် အတည်ဖြစ်ခဲ့သော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံးရုံးကို စွပ်စွဲချက်အဆိုအား ပြည်သူ့လွှတ်တော်တွင် ဆက်လက်အရေးယူ ဆောင်ရွက်နိုင်ရန် အတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်ပါသည်။ 
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် သြဂုတ်လ ၂၉ ရက်နေ့က ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံသို့ စာချွန်တော် လျှောက်ထားခဲ့ခြင်း ဖြစ်ပါသည်။ လွှတ်တော်များ အနေဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်ကို လိုက်နာခြင်း မရှိသည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သည့် ဆောင်ရွက်ချက်များ ပြုလုပ်ခြင်း၊ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို စွပ်စွဲပြစ်တင်မှုပြုလုပ်ခြင်းနှင့် အဆို တင်သွင်းဆုံးဖြတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ စာချွန်တော် လျှောက်ထားခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဝက်ဘ်ဆိုက်တွင် သြဂုတ်လ ၂၉ ရက်နေ့က သတင်းဖော်ပြခဲ့ပါသည်။ 
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအနေဖြင့် လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်း အဓိပ္ပါယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်သည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေများ အရ လုပ်ပိုင်ခွင့်မရှိဘဲ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး တည်ဆဲဥပဒေများပါ ပြဌာန်းချက်များကို ဆန့်ကျင်၍ မှားယွင်းစွာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသည် မှားယွင်းဆောင်ရွက်ခဲ့မိကြောင်းကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံပဒေဆိုင်ရာ ခုံရုံးက ကြေညာချက် ထုတ်ပြန်ပေးရေးအတွက် ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းပေးရန် အဆိုကို ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များက ၂၂ ဦးက သြဂုတ်လ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စု လွှတ်တော်၌ ဆွေးနွေးခဲ့ကြပါသည်။ 
ဆွေးနွေးမှုများအပြီးတွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးအနေဖြင့် မှားယွင်းဆောင်ရွက်မိကြောင်း ကြေညာချက်ထုတ်ပြန်ပေးရေး အဆိုကို လျို့ဝှက်ဆန္ဒမဲပေးမှုဖြင့် ဆုံးဖြတ်ခဲ့ရာ ဆန္ဒမဲပေးခွင့်ရှိသူ ၆၂၉ ဦးအနက် ၄၄၇ ဦးက ထောက်ခံခဲသဖြင့် အဆိုအတည်ဖြစ်ခဲ့ပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။