
ဒညင်းကုန်းအုတ်ဖုတ်စက် အမှတ်(၁) အားတွေ့ရစဉ်
စက်မှုဝန်ကြီးဌာန အမှတ် (၃)အကြီးစား စက်မှုလုပ်ငန်းလက်အောက်ရှိ အင်းစိန်မြို့နယ် ဒညင်းကုန်း အုတ်ထုတ်လုပ်ရေးစက်ရုံအား MOTHER TRADING ကုမ္ပဏီမှ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ လုပ်ကိုင်ခွင့်အား ၀န်ကြီးဌာနမှ လွှဲပြောင်း ရယူခဲ့ပြီး စက်ရုံရှိလုပ်သားဝန်ထမ်းများမှာမူ ယခင်အတိုင်းနေထိုင်ခွင့်နှင့် လုပ်ကိုင်ခွင့်များ ပြောင်းလဲသွားမည်မဟုတ်ကြောင်း စက်မှုဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်ဟိန်းက ပြောကြားခဲ့သည်။
MOTHER TRADING ကုမ္ပဏီအား ငှားရမ်းလုပ်ကိုင်ခွင့်ပြုခဲ့သော်လည်း ၀န်ထမ်းများနှင့် စက်မှုပစ္စည်းသာ ငှားရမ်းလုပ်ကိုင်ခွင့်ပြုခြင်းနှင့် အစိုးရ၏ စီမံခန့်ခွဲမှုဖြင့်သာ လုပ်ကိုင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။ ''ကျွန်တော်တို့အနေနဲ့က စက်ရုံကို ပုဂ္ဂလိကကို လွှဲပြောင်းခွင့်ပေးတယ်။ ဒါပေမယ့် ၀န်ထမ်းများ ရသင့်ရပိုင်ခွင့်နဲ့ ယခင်အတိုင်း ဆက်လက်နေထိုင်ဖို့ကို ကျွန်တော်တို့ပဲ စီမံခန့်ခွဲသွားမှာပါ။ နောက်ပြီးစက်ရုံကိုလည်း ၀န်ကြီးဌာနကပဲ စီမံခန့်ခွဲခွင့်ကို ဦးစီးလုပ်ကိုင်သွားမှာပါ''ဟု ဦးဇော်ဟိန်းက ပြောကြားခဲ့သည်။

ဒညင်းကုန်းအုတ်စက်ရုံရှိ ၀န်ထမ်းလိုင်းခန်းအိမ်ရာအား သြဂုတ်လ ၃၁ ရက်နေ့က တွေ့ရစဉ်
''MOTHER TRADING ကုမ္ပဏီ စလွှဲပြောင်းရယူမယ့် အချိန်တုန်းက ကျွန်တော်တို့ကို ဘာအကြောင်းရင်မှလည်း မပြောဘဲ ရွှေ့ပြောင်းခိုင်းတယ်။ ဘာလုပ်ရမှန်း မသိဘူး။ နောက်ပြီး ကျွန်တော်တို့နေတဲ့ ၀န်ထမ်းလိုင်းခန်းတွေ အားလုံးဟာ အစိုးရက စိုက်ပေးတာ မြေပဲရှိတယ်။ ကျန်တာ ကိုယ်ဘာသာ ကိုယ်ဆောက်လုပ်ပြီး နေရတာပါ''ဟု လုပ်သက် ၂၀ ကျော်ရှိ ၀န်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။
ဒညင်းကုန်းအုတ်စက်ရုံမှာ ၁၉၅၁ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး မြေဧက ၂၃၉ ဧက ကျယ်ဝန်ကြောင်း ၊ လက်ရှိတွင် အုတ်ထုတ်လုပ်ရေးအတွက် စက်ရုံခွဲ ၃ခုဖြင့် လုပ်ဆောင်နေပြီးတစ်နေ့လျှင် အုတ်အလုံးရေးပေါင် တစ်သိန်းခွဲခန့် ထုတ်လုပ်ပေးလျက်ရှိကြောင်း ၊ အစိုးရ၀န်ထမ်းလေးရာကျော်နှင့် နေ့စားဝန်ထမ်း ၂၀၀၀ ကျော်ရှိပြီး အများစုမှာ ‘ဒညင်းကုန်း အုတ်စက်ရုံဝန်းအတွင်းသာ နေထိုင်လျက်ရှိကြောင်း သိရသည်။
|
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။