Tuesday, September 4, 2012

တောင်သုသာန်သတင်းကြောင့် ကျောက်မဲတွင် အိမ်ခြံမြေဈေးတက်


ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ တောင်သုသာန်ပြောင်းရွှေ့မည့်သတင်းများကြောင့်  ၄င်းပတ်ဝန်းကျင် အနီးမြေကွက်များမှာ ဈေးကောင်းရရှိကာ အရောင်းအဝယ်ဖြစ်ပေါ်လျှက်ရှိကြောင်း ဒေသခံများထံကသိရှိရသည်။

''အရင်ကဒီနားလေးကမြေနေရာဆိုရင်  သုသာန်နယ်မြေနဲ့နီးတော့ ဘယ်သူမှသိပ်မနေချင်ဘူး   မြေတစ်ကွက်ကို   လေးသိန်းလောက်နဲ့ပြန်ရောင်းတာတောင် ဝယ်မဲ့သူမရှိဘူး၊ လတ်တလောတင်မှ တောင်သုသာန်ကိုရွှေ့တော့မယ်လို့ သတင်းထွက်လာတော့ဈေးကောင်းရလာတယ်'' ဟု အမှတ်(၁)ရပ်ကွက်မှ ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ သုသာန်အနီးရှိမြေကွက်များမှာ ၂ဝ၁၁ခုနှစ်တွင် ကျပ် လေးသိန်းဝန်းကျင်ရှိသော ပေ ၄ဝ၊ ပေ ၆ဝရှိသော မြေကွက်များမှာ ယခု ၂ဝ၁၂ခုနှစ် နှစ်လယ်ပိုင်းမှ စတင်ကာ ကျပ် (၁၄) သိန်းဝန်းကျင်မှ ကျပ် (၁၆)သိန်းဝန်းကျင်အထိ   ဈေးနှုန်းမြင့်တက် လာခဲ့ကြောင်း သိရှိရသည်။

ကျောက်မဲမြို့ရှိ သုသာန်များမှာ အမှတ် (၁)ရပ်ကွက်အနီးတွင်တည်ရှိကြပြီး အမှတ်( ၉ ) ရပ်ကွက် အစွန်အဖျား (ကျောက်မဲ မိုင်းတင်းအဝေးပြေးလမ်းမအနီး) မြေလွတ်မြေရိုင်းနေရာ တစ်ခုသို့ တောင်သုသာန်ပြောင်းရွှေ့မည်ဟူသော သတင်းမှာ (၂ဝ၁၂)ခုနှစ် ခြောက်လပိုင်းတွင်း မှ ထွက်ပေါ်ခဲ့သည်။

''မြို့စွန်ကျပေမဲ့သုသာန်ကိုပြောင်းလိုက်ပြီးရင် ဒီနားကိုလာနေမယ့်သူတွေများလာတော့မှာ ဒါကြောင့်ဝယ်ချင်တဲ့သူ များပြီးပေခြောက် ဆယ် ရှစ်ဆယ်တစ်ကွက်ကို (၁၅)သိန်း (၁၆) သိန်း လောက်ထိ ဈေးကောင်း နေတာ'' ဟု မြေကွက်ဝယ်လိုသူတစ်ဦးကပြောသည်။

သုသာန်ပြောင်းရွှေ့ရန်သတင်းများထွက်ပေါ်နေသော်လည်း ပြောင်းရွှေ့မည့် မြေနေရာ၊ အကျယ်အဝန်း၊နေ့ရက်များအား အတိအကျသတ်မှတ်ထားခြင်းမရှိသေးကြောင်း တာဝန်ရှိသူများထံက သိရှိရသည်။

သုသာန်ကိုပြောင်းရွှေ့ရခြင်းမှာ မီးသင်္ဂြိုလ်ရာမှ ထွက်သောမီးခိုးနှင့် အနံ့ဆိုးများမှ ရပ်ကွက်နေ ပြည်သူများအတွက် ထိခိုက်မှုများရှိ လာနိုင်ခြင်းကြောင့် ဖြစ်ကြောင်း မြို့ခံတို့က ဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။