Saturday, September 8, 2012

 လက်ရှိအခြေခံလစာ နှစ်သောင်းကျော်အား အခြားစက်ရုံများနည်းတူ အခြေခံလစာ ၅ သောင်းကျော် ရရှိလိုကြောင်း ဆန္ဒဖော်ထုတ်မှုဖြစ်ပွား



လှိုင်သာယာစက်မှုဇုံ (၄)ရှိ  SMK အထည်ချုပ်စက်ရုံမှ အလုပ်သမား တစ်ထောင်ကျော်ခန့်သည် အခြေခံလစာ ၂၀၀၀၀ ကျော်မှ အခြားအထည်ချုပ်စက်ရုံများနည်းတူ အခြေခံလစာ ၅သောင်းကျော် ရရှိလိုသောကြောင့် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်းသိရသည်။
SMK အထည်ချုပ်စက်ရုံမှ အလုပ်သမားများသည် မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားမှုဦးစီးဌာနသို့ လမ်းလျှောက်ကာ သွားရောက်ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒထုတ်ဖော်သူများတွင် ပါဝင်သော လုပ်သက် (၉) နှစ်ရှိအလုပ်သမားတစ်ဦးက “ အဓိက ကတော့ အခြေခံလစာ ၂၇၀၀၀ ကို အများနည်းတူ ၅၆၇၀၀ ကို ထပ်တိုးပေးဖို့အခုလို ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်။ ပိတ်ရက်ကိုလည်း အများနည်းတူ အပတ်စဉ် တနင်္ဂနွေနေ့ကို ပိတ်ပေးစေချင်ပါတယ်။ ဒီကိစ္စကို သက်ဆိုင်ရာတာဝန်ရှိသူတွေ ပူးပေါင်းပြီး ပြေလည်အောင်ဖြေရှင်းပေးဖို့ မျှော်လင့်ပါတယ်။” ဟု ပြောဆိုခဲ့သည်။
အဆိုပါ ဆန္ဒပြအလုပ်သမားများနှင့် တိုင်းအလုပ်သမားဦးစီးမှူးတို့ ညှိနှိုင်းမှုများပြုလုပ်လျှက်ရှိပြီး မရမ်းကုန်းမြို့နယ်ရဲတပ်ဖွဲ့မှူးက ဆန္ဒပြအလုပ်သမားများအား ကြိုတင်ခွင့်ပြုချက်ရယူခြင်းမရှိဘဲ လုပ်ဆောင်သည့်အတွက် လူစုခွဲရန် အသိပေးပြောကြားခဲ့ကြောင်းသိရသည်။
လက်ရှိတွင် အဆိုပါအလုပ်သမားများအား သက်ဆိုင်ရာ စက်ရုံမှဝန်ထမ်းကြိုပို့ကားများဖြင့် ပြန်လည်ခေါ်ဆောင်ရန် စီစဉ်လျှက်ရှိကြောင်းသိရှိရပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။