Saturday, September 8, 2012

ဖားကန့် လုံးခင်းကျေးရွာရှိ ရပ်ဆိုင်းကျောက်ကုမ္ပဏီများအတွင်း မင်းမဲ့စရိုက်ဆန်မှုများဖြစ်ပွား


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာနှင့်အနီးတဝိုက်ရှိ ရပ်ဆိုင်းထားသော ကျောက်တူးဖော်ရေး ကုမ္ပဏီ များထဲရှိ ပစ္စည်းများကို ရေမဆေးကျောက်လုပ်ငန်းလုပ်ကိုင်နေသော လုပ်သား တစ်ထောင်ဝန်းကျင်က ဝင်ရောက်ဖျက်ဆီး၍ ပစ္စည်းများ သယ်ယူသွားကြကြောင်း နိုင်ငံ ရေးပါတီများထံက သိရှိရသည်။

ရေမဆေးကျောက်လုပ်သားများသည် သြဂုတ်လ(၃၁)ရက်နေ့ ရှယ်ဖမ်မလီကုမ္ပဏီနှင့်ခွန်ပအို့ကုမ္ပဏီ စက်တင်ဘာလ(၂)ရက်နေ့တွင် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီတို့ကို ဝင်ရောက်ဖျက်ဆီးခဲ့ ကြ၍ ကုမ္ပဏီဝင်းထဲသို့ ဝင်ရောက်၍ ကျောက်တူးဖော်ခြင်းများနှင့် အဆောက်အဦးများမှ သွပ်၊ ပျဉ် စသည်တို့ကို ရသလောက် ခွာယူခဲ့ကြကြောင်း ဒေသခံတို့ထံမှ သိရှိရသည်။

ရေမဆေးကျောက်လုပ်သား တစ်ထောင်ကျော်လောက်ရှိတယ် ဒေသခံတွေက တားကြပေမယ့်ကုမ္ပဏီဝင်းထဲက    သံတိုသံစက အစရသလောက်ကို သယ်ယူကြတယ်။ သူတို့ဝင်ယူကြတဲ့ အချိန်မှာ KIA တပ်တွေက ကုမ္ပဏီမှာမနေရအမိန့်ထုတ်ထားတော့ ဝန်ထမ်းတွေက ကုမ္ပဏီကိုစွန့်ခွာသွားတော့ မရှိကြတော့ဘူးဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လုံးခင်းကျေးကျေးရွာ အောင်နိုင်ရေး တာဝန်ခံ ဦးတင်စိုး ကပြောသည်။

ထိုကဲ့သို့ ကျောက်တူးဖော်ရေးကုမ္ပဏီဝင်းများထဲသို့ ပစ္စည်းများဝင်ရောက်ယူဆောင်ခဲ့ကြသည့် ရေမဆေးလုပ်သားများသည် ဒေသခံလူမျိုးများမဟုတ်ကြဘဲ မြန်မာနိုင်ငံအတွင်းရှိ ဒေသအသီးသီးမှ
လာရောက်လုပ်ကိုနေကြသော လုပ်သားများဖြစ်ကြသည်ဟု ၎င်းက ထပ်မံပြောကြားသည်။

ကျွန်တော်တို့က မလုပ်ဖို့ပြောပေမယ့်၊ သူတို့က ပစ္စည်းတွေကို ယူဆောင်သွားကြတဲ့အပြင် အထဲမှာရှိတာတွေကိုလည်း ဖျက်ဆီးပစ်ခဲ့ကြတယ်။ ဒီလိုအချိန်မျိုးဆိုတော့လည်း သူတို့ကိစ္စကို ထည့်မစဉ်းစားနိုင်ကြဘူးလေ။ ဘာဘဲဖြစ်ဖြစ် ဒါဟာ မင်းမဲ့စရိုက် ဆန်ဆန် ဖြစ်နေတာပဲလေဟု
လုံးခင်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ်နှင့် အနီးတဝိုက်ကျေးရွာများတွင်မငြိမ်မသက်မှုများ ဖြစ်နေပြီး လုံးခင်းကျေးရွာနှင့် (၃) မိုင်ခန့်ဝေးသော KIA ထိန်းချုပ်နယ်မြေအတွင်း၌ပါဝင်သော ကျေးရွာများကိုလည်း KIA စစ်တပ်ဘက်မှ စက်တင်ဘာလ ဆန်းပိုင်းအတွင်း ဖယ်ရှားပေးကြရန် ပြောကြားထားကြောင်း သိရသည်။

ဒေသခံများ၏ ပြောကြားချက်များအရ မြန်မာ့တပ်မတော်ဘက်မှလည်းတပ်ဖွဲ့အင်အားဖြည့် တင်းမှုများရှိနေကြောင်းနှင့်   နှစ်ဘက်အခြေအနေမှာ  စိုးရိမ်ဖွယ်ရှိနေပြီး အနီးတဝိုက်ဒေသများရှိ ပြည်သူများမှာ ကြောက်ရွံ့မှုများ ဖြစ်ပေါ်နေကြသည်ဟု သိရသည်။

စက်တင်ဘာလ (၄) ရက်နေ့ကလည်း လုံးခင်းကျေးရွာဝန်းကျင်တွင် မြေမြုပ်မိုင်းနင်းမိသောကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီ လက်ရှိအချိန်အထိ ဆေးကုသမှုကို ခံယူနေလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။