Friday, August 3, 2012

ကိုင်းတန်းဈေးမှ ဈေးသူ/ဈေးသားများအား မဖြစ်မနေ ပြောင်းရွှေ့ကြရန် မြို့တော်ဝန်ကိုယ်တိုင်ဖျောင်းဖျ


မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ(၂၉)လမ်း ကိုင်းတန်းဈေးမပြောင်းရွှေ့ရေးအတွက် ဆန္ဒထုတ်ဖေါ်နေသောဈေး သူဈေးသားများကို မန္တလေးမြို့တော်ဝန် ဦးအောင်မောင်းက လာရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

ထိုကဲ့သို့လာရောက်တွေ့ဆုံမှုတွင် ဈေးသူဈေးသားများက ၎င်းတို့၏အခက်အခဲများကိုအသနားခံတင်ပြခဲ့သော်  လည်း မြို့တော်ဝန်မှ ပြောင်းရွှေ့ရန်ကိုသာဖျောင်းဖျပြော ဆိုခဲ့သည်ကို တွေ့ရှိရသည်။


`` နှစ်ပေါင်းကို သုံးဆယ်နားကပ်နေပြီ ၊ ကားပတ်လမ်းတွေရော ရထားလမ်းတွေနဲ့ရော အားလုံးနဲ့ အဆက် အသွယ်ရတဲ့နေရာကြီးမှာ ဒီလိုဈေးဝယ်တွေနဲ့ရှိတယ် ၊ ဟိုမှာကျတော့မရှိဘူး။ နောက်ကျန်းမာရေးရောကိုယ့်ရဲ့ လုံခြုံရေးရော မပြည့်စုံဘူး သမီးမြင်ခဲ့တာကို ပြောပြတာပါ ၊ ဟိုဖက်မှာက တဲလေးတွေနဲ့ အရက်ဆိုင်ပေါက်စလေးတွေနဲ့ရန်ဖြစ်ကြတယ် ကျမတို့က ကြောက်ကြတယ် လုံခြုံရေးလဲမရှိဘူး ´´ ဟုမြို့တော်ဝန်ကို တွေ့ဆုံတင်ပြခွင့်ရခဲ့သည့် ဈေးသည်အမျိုးသမီးတစ်ဦး ကပြောကြားခဲ့သည်။


ဆန္ဒထုတ်ဖေါ်မှုများမှာ ညစဉ်ဖြစ်ပွားနေပြီး လုံခြုံရေးတိုးမြှင့်ချထားခြင်း၊ သံဆူးကြိုးများကာရံထားခြင်းများကို တာဝန်ရှိသူများကပြုလုပ်လာသည်ကို တွေ့ရသည်။


''တိုင်းဒုရဲမင်းကြီးလား ဘာလားတော့မသိဘူး နောက်ဆုံးရောက်လာတယ် ၊ကျွန်တော်တို့ကဘာပြောလဲဆိုတော့ ဒီသံဆူးကြိုးတွေ ဖယ်ပေးပါ ၊သူတို့ကာတာမဟုတ်ဘူးလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကပြောတယ် ´´ ဟုဈေးသည်များ အခက်အခဲအတွက်    လာရောက်ကူညီပေးနေသူ ILOနှင့်ချိတ်ဆက်ပေးရေး ကွန်ယက်မှ ကိုအေးသိန်းက ပြောသည်။


ယခုကဲ့သို့ပြောင်းရွှေ့ရခြင်းသည်နယ်ခံများ၏တိုင်စာများကြောင့်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီးအားလုံးဝိုင်းဝန်ကူညီ ကြရန်   မြို့တော်ဝန်မှ ပြေကြားခဲ့သည်။


`` ရွှေ့ပြောင်းရေးအတွက် မဖြစ်မနေ လုပ်ကြရမှာ ဘာဖြစ်လို့လဲဆိုတော့ ဒီကတိုင်စာတွေနဲ့ လူကိုယ်တိုင် လာပြောတာတွေနဲ့ဆိုတော့ ဒါလေးတွေကိုတော့နားလည်သဘောပေါက်ပေးပါ ´´ ဟု မြို့တော်ဝန်က ပြောကြားသည်။


ယခုအချိန်သည် နဂါးမြောက်လှည့်သည့်အချိန်ဖြစ်၍ တောင်အရပ်သို့မရွှေ့ပြောင်းလိုကြောင်းနှင့် ၀ါတွင်းသုံးလ ပြီးလျှင်အားလုံးပြောင်းရွှေ့ပေးမည်ဖြစ်ကြောင်း မြို့တော်ဝန်ဦးအောင်မောင်းအား တောင်းဆိုတင်ပြခဲ့သော်လည်းမအောင်မြင်ခဲ့ပေ။


၂၉လမ်းကိုင်းတန်းဈေးသည် မန္တလေးဝန်းကျင် မြို့များမှသာမကပဲတောင်ငူမြို့မှပင် လာရောက်ရောင်းဝယ်သူများလည်း ရှိသည်ကို တွေ့ရသည်။


`` အမေကြီးငါးဇွန်အနောက်ဖက် ကုလားရွာကြီးက၊ဒီမှာဈေးရောင်းတာဆယ်ခြောက်နှစ်ယောက်ျားသေပြီး ကတည်းကတစ်ရက် မှ မပြတ်ဘူး၊ အမေကြီးတစ်နေ့ကို နံနံပင်အစည်းတစ်သောင်းပါရင် အရင်းတစ်သိန်း ရှိတယ်ကားခနဲ့ဆို တစ်သိန်းနှစ်သောင်း ရှိတယ် ၊ ဒီနေ့မရောင်းရင်တော့ ပြီးကြပြီ ၊ခုပြောင်းမဲ့ဈေးဖက်ကို လိုက်ကို မလိုက်ခြင်တာ ဒီပြင့်ဈေးဆိုလိုက်မယ်´´ဟုဈေးသည်   ဒေါ်ညိုမြင့်က ပြောကြားသည်။


ယခုလိုဈေးလာရောင်းရန်အတွက် ဧရာဝတီမြစ်ကိုဖြတ်ပြီးလိုင်းကားဆက်စီးလာရသေးကြောင်းကို သူမက ဆက်လက်ပြောပြသည်။


မြန်မာလူမျိုးအများစုရောင်းချနေသော(၂၉)လမ်းကိုင်းတန်းဈေးပြောင်းရွှေ့မှုကြောင့် ဈေးသည်များ အခက်ကြုံ နေချိန် မန္တလေးမြို့၏ နာမည်ကြီးဈေးတစ်ဈေးဖြစ်သော တရုတ်တန်းဈေးနားရှိ  ပျံကျဈေးမှာ အရောင်းအ၀ယ်သွက်လျက်ရှိကြောင်းသိရသည်။


အဆိုပါဈေးနှင့်ပတ်သတ်၍ မြို့တော်ဝန်ဦးအောင်မောင်းမှပျံကျဈေးမှန်သမျှရွှေ့ဖို့လုပ်ဆောင်ထားကြောင်း ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့သည်။


``ပျံကျမှန်သမျှ အားလုံးကို ကျွန်တော်တို့ ရွှေ့ဖို့ရာ လုပ်ထားပါတယ် ၊ နေ့ဈေးပျံကျ သမားတွေကိုကြတော့ အခြားဈေးတွေမှာ လွတ်နေတဲ့ဆိုင်ခန်းတွေကို ရွှေ့ပေးမှာပါ ၊ အဲဒါတွေကို အစောကြီးကတည်းက စီမံထားပါတယ်´´ ဟု မြို့တော်ဝန်မှ ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။