Friday, August 3, 2012

၈၈ ပတ်သက်သည့် လွှတ်တော်အတွင်း ဆွေးနွေးမှု ဦးရွှေမန်းတားမြစ်

ရန်ကုန် (မဇ္ဈိမ) ။        ။ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက မလိုလား အပ်သည့် အမည်နာမများနှင့် ပါတီအမည်များကို သုံးစွဲခြင်းမပြုရန် သတိပေး ပြောကြားလိုက်ခြင်းသည် ၈၈ မျိုးဆက်
ကျောင်းသား ခေါင်းဆောင်များကို ရည်ညွှန်းသည်ဟု အမတ်များက မဇ္ဈိမကို ပြောသည်။

ဗုဒ္ဓဟူးနေ့က ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌ  ဦးရွှေမန်းက ပြောကြားချက်ကို ကြာသပတေးနေ့ထုတ် ကြေးမုံသတင်းစာ က အကျဉ်းချုပ်ဖော်ပြထားရာတွင် "ပြည်သူ့လွှတ်တော်၌ ဆွေးနွေးတင်ပြရာတွင် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ရာ အချို့ကိုယ်စားလှယ်များအနေဖြင့် လိုက်နာမှုမရှိဘဲ ပြောဆို
ဆွေးနွေးမှုများရှိသဖြင့် ဥပဒေချိုးဖောက်ရာရောက်သကဲ့သို့ ဖြစ်နေပါကြောင်း၊ သို့ဖြစ်၍ သိလျက်နှင့်ဖြစ်စေ၊ မသိ၍
ဖြစ်စေ မလိုလားအပ်သည့် အမည်နာမများ၊ ပါတီအမည်များ သုံးစွဲခြင်းကို မပြုလုပ်ကြရန်နှင့် ပြောဆိုသူများအား လွှတ်တော်ကတဆင့် သတိပေးကြောင်း ပြောကြားသည်။” ဟူ၍ ပါရှိသည်။

ထိုနေ့ ပြည်သူ့လွှတ်တော်တွင် အလုပ်သမားများ၏ အရေးကိစ္စများကို ဖြေရှင်းပေးရန် ကော်မတီတခုဖွဲ့စည်းသင့်သည့် အဆို ဆွေးနွေးမှုအတွင်း လွှတ်တော်အမတ် ဦးခိုင်မောင်ရည်က ၈၈ မျိုးဆက်ကျောင်းသားများ၏ လုပ်ဆောင်မှုနှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးရာ "ပြည်သူ့အကျိုး လုပ်ဖော်ကိုင်ဖက် ၈၈ မျိုးဆက်ကျောင်းသားများ" ဟူ၍ ပါရှိခဲ့သည်။
shwemann
ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက မလိုလားအပ်သည့် အမည်နာမများနှင့် ပါတီအမည်များကို သုံးစွဲခြင်းမပြုရန် သတိပေး ပြောကြား (ဓါတ်ပုံ မဇ္ဈိမ)

ယင်းနောက် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က ဦးခိုင်မောင်ရည်၏ ဆွေးနွေးမှုကို ထောက်ခံဆွေးနွေးရာတွင် လည်း ၈၈ အပါအဝင်၊ အခြားလူမှုရေး အဖွဲ့အစည်းအချို့၏ အမည်များကို ထည့်သွင်း ဆွေးနွေးခဲ့သည်ဟုလည်း ဦးသိန်းညွန့်က မဇ္ဈိမကို ပြောသည်။

“ပထမ ဦးခိုင်မောင်ရည်က သုံးတယ်၊ နောက် ကျနော်က အဲဒီဆွေးနွေးချက်ကို ထောက်ခံတယ်၊ ပြီးတော့ ရန်ကုန်မှာဆို ရန်ကုန် နာရေးကူညီမှုအသင်းလိုမျိုးရှိတယ်၊ မန္တလေးမှာဆို ဦးကျော်သူတို့ရဲ့ ဗြဟ္မစိုအသင်းလိုမျိုး ရှိတယ်လေ၊ ဆိုတော့ ကျနော်က ၈၈ မျိုးဆက်ကျောင်းသားတွေဟာ ဒီလို လူမှုရေးကိစ္စတွေ ဖြေရှင်းတဲ့နေရာမှာ ပါဝင်သင့်တယ်လို့ ဆွေးနွေး တယ်။” ဟု ဦးသိန်းညွန့်က ပြောသည်။

သို့သော်လည်း ယခုကဲ့သို့ ဦးရွှေမန်း၏ ပြောကြားချက်အပေါ် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များကတော့ ပူပန်မှု မရှိကြောင်း ပြောသည်။

"ဒီလိုပြောတဲ့အတွက် ကျနော်တို့ဘက်က ဘာမှစိတ်ပူပန်စရာမရှိပါဘူး၊ နောက်ပြီးတော့ ဦးရွှေမန်းက အစည်းအဝေး လမ်းကြောင်း တည့်ပေးတဲ့ လူဆိုတော့ သူ့အနေနဲ့ လက်မခံတဲ့ သဘောနဲ့လည်း မဟုတ်လောက်ပါဘူး။" ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ၈၈ ကျောင်းသား ကိုဂျင်မီက မဇ္ဈိမကိုပြောသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအနေဖြင့် "၈၈ ဒီမိုကရေစီ အရေးတော်ပုံ ၂၄ နှစ်မြောက် အခမ်းအနား" အမည်ဖြင့် ယခုလ ၈ ရက်နေ့တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ကျင်းပရန် ပြင်ဆင်လျက် ရှိနေ သည်။

၈၈ မျိုးဆက် ကျောင်းသားများသည် နှစ် ၅ဝ ပြည့် အောက်မေ့ဖွယ် အခမ်းအနား '7 July' ကို ဇူလိုင် ၇ နေ့က
တောင်ဥက္ကလာပ မြို့နယ် ဝေဇယန္တာလမ်းရှိ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ရုံးခန်းတွင် ပြုလုပ်ခဲ့သေး သည်။ ထိုပွဲကျင်းပရန် စီစဉ်သဖြင့် ဗကသ ခေါင်းဆောင် ဒီငြိမ်းလင်း၊ စည်သူမောင်၊ မဖြိုးဖြိုးအောင်နှင့် ရဲမြင့်ဟိန်းတို့ အပါအဝင် ရှမ်းပြည်နယ်နှင့် မန္တတလေးတိုင်းတို့မှ ဗကသ အဖွဲ့ဝင် ၁၂ ဦးခန့် ခေတ္တထိန်းသိမ်းခံခဲ့ကြရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။