Friday, August 3, 2012

တရုတ်သို့ တရားဝင် ဆန်တင်ပို့ခွင့် ဆန်ကုန်သည်ကြီးများအသင်း လိုလား

နယူးဒေလီ (မဇ္ဈိမ) ။       ။ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးတွင် မြန်မာနိုင်ငံဘက်မှ ဆန်များကို တရုတ်နိုင်ငံသို့ တရားဝင် တင်သွင်းခွင့်ကို ဆန်ကုန်သည်ကြီးများအသင်းက လိုလားလျက်ရှိသည်။

နယ်စပ်ကုန်သွယ်ရေးတွင် တရားဝင် ကုန်စည်ဖလှယ်ခွင့် ပြုထားသည့် စာရင်းတွင် ဆန် မပါဝင်၍ မှောင်ခိုလမ်းကြောင်း မှ ဆန်ကုန်သည်များက တရားမဝင် တင်ပို့နေကြရာ ဈေးနှိမ်အဝယ်ခံရခြင်းများနှင့် ကြုံတွေနေကြပြီး တရားဝင် ကုန်သွယ်ခွင့် ရှိစေလိုကြောင်း အသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင် က ပြောသည်။

“သူတို့ လိုချင်တဲ့အရည်အသွေးကို သူတို့က ပြောတယ်။ တရားမဝင်ဘဲ သူတို့ဘက် ဝင်တာ ဆိုတော့ ဈေးတွေဘာတွေ ဆစ်မှာပေါ့လေ။ တကယ်လို့ ဟိုဘက်က တရားဝင် ဖွင့်ပေးလိုက်ရင် ဈေးနှိမ်ပြီး ဝယ်တာ မဖြစ်နိုင်ပါဘူး။ အင်တာနေရှင် နယ် ဈေးကွက်ပေါ်မှာ မူတည်ပြီး ဈေးက အတက်အကျ အပြောင်းအလဲတော့ ရှိမှာပေါ့။ သူတို့ဘက်က ဖွင့်ပေးနိုင်ရင်
တော့ ဘာပဲဖြစ်ဖြစ် ကောင်းတယ်။ သူတို့ဘက်က သွင်းကုန်တွေ အများကြီးပဲ ကျနော်တို့နိုင်ငံက ဝယ်ယူနေတာပဲလေ” ဟု မဇ္ဈိမကို ပြောသည်။

နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် ကုန်ပစ္စည်းအမျိုးအမည်ပေါင်း ၁၁,ဝဝဝ ကျော် ခွင့်ပြုထားသော်လည်း တရုတ်နိုင်ငံ ဘက်မှ ၎င်းတို့၏ ကောက်ပဲသီးနှံစိုက်ပျိုး၊ ထုတ်လုပ်သူများအား အကာအကွယ် ပေးရန်အတွက် မြန်မာဘက်မှ ဆန် တင်သွင်းမှုကို တရားဝင် ခွင့်ပြုထားခြင်း မရှိပေ။

သို့သော် “တရားမဝင် သွားတာကို တရားဝင် လက်ခံပေးဖို့ ဆိုပြီးတော့ အစိုးရပိုင်းက ဆွေးနွေးနေတယ်လို့ သိရပါ တယ်” ဟု ဦးချစ်ခိုင် က ပြောသည်။

မြန်မာဆန်များ မှောင်ခိုလမ်းကြောင်းဖြင့် သော်လည်းကောင်း၊ နားလည်မှုဖြင့် သော်လည်းကောင်း တရုတ်နိုင်ငံသို့ ဝင်ရောက်နေကြောင်း ရွှေလီမြို့ရှိ ဆန်ကုန်သည် တဦးက ဆိုသည်။

“မှောင်ခိုလမ်းကြောင်းကနေ အနည်းအကျဉ်း သယ်ကြတာ။ တတင်းခွဲ အိတ်တွေ အိတ် ၂ဝ လောက်ထိ သယ်ကြ တာပဲ။ ကယ်ရီတွေနဲ့ သယ်ကြတာပဲ။ အခုလောလောဆယ်တော့ ကျနော်လည်း သယ်နေတာပဲ” ဟု မဇ္ဈိမကို
ပြောသည်။

တရုတ်နိုင်ငံဘက်အခြမ်းသို့ တင်သွင်းသည့် ဆန်အမျိုးအစားများတွင် အရည်အသွေးမီ ပေါ်ဆန်းမွှေးနှင့် မဂျန်းတော၊ ဆဲဗင်းဖိုးဆဲဗင်း ကဲ့သို့သော ဆန်များ ပါဝင်ကြောင်း သိရသည်။

မြန်မာဆန်များ နယ်စပ်ကုန်သွယ်ရေးမှတဆင့် တရားဝင်တင်သွင်းခွင့် မရှိသော်လည်း မြန်မာဘက်မှ ကုန်တင်ပို့မှုတွင် ဆန်အများဆုံးဖြစ်ကြောင်း နယ်စပ်ကုန်သွယ်ရေး လေ့လာသူ တဦးက ဆိုသည်။

“တရုတ်-မြန်မာနယ်စပ်မှာ ဗမာပြည်က ပို့တဲ့ ပို့ကုန်တွေထဲမှာ နံပါတ်တစ် အများဆုံးဟာ ဆန်တွေပဲ။ ရည်အသွေးမီတာ မမီတာကို အဓိကထား ဝယ်တာ မဟုတ်။ ဈေးပေါမယ့်ဟာ သူ့အတွက် ကိုက်မယ့်ဟာ အဓိကထား ဝယ်တာ” ဟု ဆိုသည်။

တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမားအများစုက ဆန်ကြမ်းများကို ဝယ်ယူ စားသုံးကြ
ပြီး တရုတ်နိုင်ငံရှိ အရက်ချက်လုပ်ငန်း၊ မုန့်ပဲသရေစာ လုပ်ငန်း၊ ဆန်ဖြင့်ပြုလုပ်ရသည့် ဆန်ခေါက်ဆွဲကဲ့သို့သော စားသောက်ကုန်လုပ်ငန်းများနှင့် တိရိစ္ဆာန်အစာအဖြစ် အသုံးပြုကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။