Friday, August 3, 2012

 လယ်ယာမြေ သိမ်းဆည်းခံရခြင်းများနှင့် ပတ်သက်ပြီး စုံစမ်းလေ့လာရန် ပြည်ထောင်စုလွှတ်တော်မှ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းခဲ့ခြင်းအပေါ် ၈၈ မျိုးဆက်ကျောင်းသားများ နှင့် တောင်သူလယ်သမားအရေး ဆောင်ရွက်သူများမှ သဘောထားထုတ်ပြန်


လယ်ယာမြေ သိမ်းဆည်းခံရခြင်းများနှင့်ပတ်သက်ပြီး စုံစမ်းလေ့လာရန် ပြည်ထောင်စုလွှတ်တော်မှ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းခဲ့ခြင်းအပေါ် ၈၈ မျိုးဆက် ကျောင်းသားများနှင့် တောင်သူလယ်သမားအရေး ဆောင်ရွက် သူများမှ သဘောထား ထုတ်ပြန်ချက်တစ်ရပ်ကို သြဂုတ်လ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်၌ အချက်ငါးချက် ပါဝင်ခဲ့ကြောင်း သိရသည်။

ထုတ်ပြန်ချက်တွင် လယ်ယာမြေ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေး၊ တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရန် အဆိုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပြီး စုံစမ်းရေးကော်မရှင် ဖွဲ့စည်းကာ ဆောင်ရွက်သွားမည်ဆိုသည်ကို မိမိတို့မှ လက်ခံကြိုဆိုပါကြောင်း၊ စုံစမ်းရေးကော်မရှင်အနေဖြင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို လက်တွေ့ ကာကွယ်ဖော်ဆောင်နိုင်ပြီး ပြည်သူလူထုတစ်ရပ်လုံး၏ ယုံ ကြည်ကိုးစားမှုကို အပြည့်အ၀ ရရှိရေးသည် အထူးအရေးကြီးကြောင်း စသည်ဖြင့်ပါရှိကြောင်း သိရသည်။
ထို့အပြင် ဥပဒေပြုလွှတ်တော်၏ လုပ်ငန်းဆောင်တာများ ပီပြင်ထက် မြက်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် ၀ိုင်းဝန်းကူညီရန် တာဝန်ရှိသည့်အလျှောက် ယင်းကော်မရှင်၏ တာဝန်ဝတ္တရားနှင့် စွမ်းဆောင်မှုများကို မပြတ်စောင့်ကြည့်၍ သဘောထား ထုတ်ပြန်ရန်၊ အစီရင်ခံရန်၊ တိုက်တွန်း အဆိုပြုရန်နှင့် လိုအပ်သလို ကူညီဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး စုံစမ်းရေးကော်မရှင်အား စောင့်ကြည့်လေ့လာ သုံးသပ်မည့်အဖွဲ့ကို ဖွဲ့စည်းကာ ကော်မရှင်၏ ဆောင်ရွက်မှုများ ပိုမိုထိ ရောက်အားကောင်းလာစေရန် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရသည်။
ထုတ်ပြန်ခဲ့သည့် ကြေညာချက်၌ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ (တောင်သူလယ်သမား အခွင့်အရေး ကာကွယ်မြှင့်တင်ရေးဌာန)မှ ဦးထွန်းမြင့်အောင်၊ ဦးဝင်းချို၊ ဦးဟန်ရှင်ဝင်း၊ ဦးနေမျိုးဝေ(မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ)၊ ဦးဖိုးဖြူ(Purple Equity Law Firm) ၊ ဦးဝေဠု (ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ရက်)နှင့် မစုစုနွေး(တောင်သူလယ်သမားသမဂ္ဂ  ဖွဲ့စည်းရေးကော်မတီ တာဝန်ခံ)တို့က လက်မှတ်ရေးထိုးခဲ့ပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။