Friday, August 3, 2012

မြစ်ဆုံတွင် သစ်ခုတ်လှဲမှုများ ရှိနေဆဲဟု ကြံ့ခိုင်ရေးနှင့် ဒေသခံပြော

myintson
ချင်းမိုင်(မဇ္ဈိမ) ။       ။ မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ပြောင်းရွှေ့နေထိုင်နေသော အောင်မြင်သာကျေးရွာနှင့် ကျိန်ခရန်ကျေးရွာ အနီးတဝိုက်တွင် သစ်ခုတ်လှဲမှုများ ရှိနေဆဲဖြစ်ကြောင်း ကျေးရွာ ကြံ့ခိုင်ရေးပါတီနှင့် ရွာသားများက
ပြောသည်။

ယင်းမာ၊ စကားဝါ၊ ရေမဏီ၊ ကလောင်၊ သစ်ကြမ်း စသည့် သစ်အမျိုးအစားများအား သစ်သူဌေးများ ဖြစ်ကြသော ဦးဥဗျစ်တန်ခွန်း၊ ဦးလဘန်ဆန်အောင်နှင့် ဦးလဝေါ်နော်မိုင်တို့က ဦးဆောင် ခုတ်လှဲနေကြခြင်းဖြစ်ပြီး မည်သူ့ တရားဝင် ခွင့်ပြုချက်ဖြင့် လုပ်ဆောင်နေကြသည်ကိုမူ မသိရှိရကြောင်း အောင်မြင်သာ ရွာသားများက ပြောသည်။

သို့သော် ထိုသူများမှာ ခွင့်ပြုချက်ဖြစ် ထုတ်လုပ်နေကြခြင်း မဟုတ်ဘဲ မူလက သစ်ထုတ်လုပ်နေသော သစ်သူဌေးများ
ဖြစ်ကြပြီး တားဆီး၍ မရနိုင်သဖြင့် ၎င်းတို့ထံမှ ကျေးရွာအတွက် စာကြည့်တိုက် တည်ဆောက်ရာတွင် ငွေကောက်ခံရန် ရပ်မိရပ်ဖများ ဆုံးဖြတ်ခဲ့သည်ဟု အောင်မြင်သာ ကြံ့ခိုင်ရေးပါတီမှ အတွင်းရေးမှူး ဦးလရမ် က ပြောသည်။
အောင်မြင်သာကျေးရွာနှင့် ကျိန်ခရန်ကျေးရွာ အနီးတဝိုက်တွင် သစ်ခုတ်လှဲမှုများ ရှိနေ (ဓါတ်ပုံ မဇ္ဈိမ)
“အစိုးရနဲ့ အမြဲတမ်းလုပ်နေတဲ့ လူတွေက ကျနော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ သစ်တွေကို ခိုးထုတ်ရောင်းစားနေတာ။ ဒါပေမယ့် ကျနော်တို့က ဘာမှ တားမြစ်လို့ မရခဲ့ဘူး။ သူတို့နဲ့ သက်ဆိုင်တဲ့ လူတွေနဲ့ ညှိပြီးလုပ်စားနေတာ။ အဲဒါကို ကျနော်တို့ ကန့်ကွက်ခွင့် မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ဆုံးရှုံးသွားမယ့်အစား ကျနော်တို့ ရွာအတွက် အကျိုးရှိမယ့် တခုခု အကောင်အထည် ဖော်ရအောင်ဆိုပြီး သဘောတူတယ်။ အဲဒါကြောင့် သူတို့ကို (သစ်ထုတ်သူတွေ) စာကြည့်တိုက် လုပ်ပေးပါဆိုပြီး ပြောတယ်။ သူတို့ကလည်း ကူညီမယ်လို့ ပြောပြီး လုပ်နေတာပါ” ဟု မဇ္ဈိမကို ပြောသည်။

အောင်မြင်သာ ကျေးရွာအတွက် သိန်း ၇ဝ တန်ဖိုးရှိ စာကြည့်တိုက် ဆောက်ပေးရန် ဇူလိုင်လဆန်းပိုင်းက ရပ်မိရပ်ဖနှင့် အစည်းအဝေးတခုတွင် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်ဟု ဦးလရမ် က ပြောသည်။

ထိုစည်းဝေးတွင် ကျိန်ခရန်နှင့် အောင်မြင်သာရွာသားတချို့က အဆိုပါ သစ်ထုတ်လုပ်မှုကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မည်ကို စိုးရိမ်သဖြင့် ကန့်ကွက်ခဲ့သော်လည်း စာကြည့်တိုက် ဖြစ်မြောက်ရေး တာဝန်ယူထားသူ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကြံ့ခိုင်ရေး အတွင်းရေးမှူးတို့၏ မာန်မဲခြင်းကို ခံခဲ့ရကြောင်း ကိုမာဘရန် က ပြောသည်။

“ကျနော်တို့က မလိုလားဘူး။ ခုလို ထုတ်ယူလိုက်တော့ သဘောဝပတ်ဝန်းကျင် ပျက်စီးမယ်။ သစ်တွေ ကုန်သွားမယ်။ မလုပ်ဖို့ ပြောတာကို သူတို့ နှစ်ယောက်က ကျနော်တို့ကို စိတ်ဆိုးလာတယ်။ မင်းတို့ လုပ်ပေးနိုင်လား၊ မင်းတို့ တာဝန်ယူ မလားဆိုပြီး ပြန်ပြောလာတယ်” ဟု မဇ္ဈိမကို ပြောသည်။

ထို့ကြောင့် သစ်ထုတ်လုပ်သူများမှာ ၎င်းတို့နှစ်ဦး၏ ခွင့်ပြုချက်ဖြင့် ထုတ်လုပ်နေကြခြင်း သဘော ဖြစ်နေသည်ဟု ရွာသားများက ဆိုသည်။

“သူတို့နှစ်ယောက် ဦးဆောင်ပြီးတော့ ကျိန်ခရန် ရေအားလျှပ်စစ် စက်ဟောင်းဘက်၊ မြစ်ဆုံဘက်က သစ်တွေ ထုတ်ဖို့ ခွင့်ပြုထားတယ်။ အုပ်ချုပ်ရေးမှူးက ခွင့်ပေးထားတယ်” ဟု ကျိန်ခရန်ရွာသား ကိုမာဘရန် က ပြောသည်။

ဇွန်လအတွင်း မြစ်ကြီးနားမြို့ သစ်တောဦးစီးဌာနမှ အရာရှိများက သစ်များ ထုတ်လုပ်နေမှုအား လာရောက်ကြည့်ရှုမှု ရှိခဲ့သော်လည်း အရေးယူခြင်း မရှိသဖြင့် ခြစားမှုများ ရှိနေသည်ဟု ဒေသခံများက ယူဆနေကြသည်။

ထို့သို့ မြစ်ဆုံရေကာတာ စီမံကိန်းအနီး ပတ်ဝန်းကျင်တွင် သစ်များ ထပ်မံခုတ်လှဲနေပါက သစ်တောပြုန်းတီးမှု ရှိလာ သဖြင့် သစ်ထုတ်လုပ်ခြင်းကို ကန့်ကွက်ကြောင်း ကချင် လူမှုဖွံ့ဖြိုးရေးကွန်ယက် KDNG မှ ပြောရေးဆိုခွင့်ရသူ
ဒေါ်ဆိုင်းမိုင်က ပြောသည်။

“သူတို့က စာကြည့်တိုက်လုပ်မယ်လို့ ဘန်းပြပြီး သစ်ထုတ်နေတယ်။ မြစ်ဆုံရေကာတာ လုပ်လို့ သစ်တွေ ခုတ်လှဲပစ် တာ အများကြီး ရှိသွားပြီ။ ခုလည်း ဆက်ပြီး ခုတ်နေတယ်။ သူတို့က စီးပွားဖြစ် လုပ်စားနေတာ။ သဘာဝ ပတ်ဝန်းကျင် ကို ထိခိုက်စေတယ်။ သစ်တွေ ပြုန်းတီးသွားရင် ရာသီဥတု ဖောက်ပြန်လာမယ်။ ရေကြီးလာမယ်။ ကမ်းပါးတွေ
ပြိုလာမယ်။ ဒါကြောင့် ဒီမြစ်ဆုံမက ကချင်ပြည်နယ်မှာ သစ်တွေ မခုတ်ဖို့ အရေးကြီးတဲ့ အချိန်ဖြစ်တယ်” ဟု မဇ္စျိမကို ပြောသည်။

တရုတ်နိုင်ငံ စွမ်းအင်ကုမ္ပဏီ CPI က တည်ဆောက်နေသည့် မြစ်ဆုံ ရေကာတာ စီမံကိန်းအား ပြည်သူလူထု၏ ဆန္ဒအရ သမ္မတ ဦးသိန်းစိန်က ရပ်ဆိုင်းလိုက်သော်လည်း စီမံကိန်းအတွင်း တရုတ်လူမျိုး အမျိုးသား ၁၄၈ ဦးနှင့် အမျိုးသမီး ၁၅ ဦးရှိနေသေးပြီး ရွှေတူးဖော်နေကြသည်ဟု မြစ်ဆုံဒေသခံ တဦးက ပြောသည်။ အောင်မြင်သာ
ကျေးရွာနှင့် မြစ်ကြီးနားမြို့ပေါ်တွင်လည်း CPI ၏ ရုံးများ ရှိနေသေးသည်ဟု သိရသည်။

စီမံကိန်း ပြန်စနိုင်ရေးအတွက် စည်းရုံးလှုံ့ဆော်မှု လုပ်ငန်းများကို CPI က ဆက်လက် လုပ်ဆောင်နေမှုများ ရှိနေသည် ဟု သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။