Friday, August 3, 2012

နိုင်ငံပိုင် သင်္ဘောလိုင်း ၂၀ ၏ ခရီးသည်နှင့် ကုန်တင်ခများ ထပ်တက်

shiptask
ရန်ကုန် (မဇ္ဈိမ) ။        ။ ဈေးတက်ရန် နောက်ဆုံးအသုတ် ကျန်ရှိနေခဲ့သော နိုင်ငံပိုင် သင်္ဘောလိုင်း ခရီးစဉ် ၂၀ ၏ ခရီးသည် စီးနင်းခနှင့် ကုန်တင်ခများမှာ သြဂုတ်လ ၁ ရက်နေ့မှ စတင် တက်သွားပြီး ရန်ကုန်နှင့် ရန်ကုန်မြစ် တဖက်ကမ်းကူး ကူးတို့ခများလည်း နှစ်ဆ တက်သွားသည်။

မြစ်ဝကျွန်းပေါ် ဌာနခွဲအောက်ရှိ ခရီးလမ်းအချို့နှင့် ကူးတို့လိုင်းများ၊ ဧရာဝတီ ဌာနခွဲ အောက်ရှိ ခရီးအချို့နှင့် ချင်းတွင်း ဌာနခွဲ အောက်ရှိ သင်္ဘောလမ်းများအတွက် နှုန်းထားများသည် တနှစ်တာ အကြာတွင် ဒုတိယအကြိမ် ဈေးတက် သွားခြင်းလည်း ဖြစ်သည်။

အခကြေးငွေ တိုးမြှင့်မှုတွင် ရန်ကုန်နှင့် ကျုံမငေး၊ မြောင်းမြ၊ ပုသိမ်၊ ပြည်သို့ ပြေးဆွဲသော သင်္ဘောလိုင်းများ၊ မန္တလေးနှင့် ညောင်ဦး၊ ကသာ၊ ဗန်းမော်၊ ပြည်သို့ ပြေးဆွဲသော ခရီးစဉ်များနှင့် မုံရွာမှ ဟုမ္မလင်း၊ ကလေးဝနှင့် ခန္တီး လိုင်းတို့ အကျုံးဝင်သည်။

ရိုးရိုးတန်း၊ အမြန်၊ အထူးအမြန်နှင့် ပုံမှန်ပြေးဆွဲသော သင်္ဘောများအားလုံး၏ ရိုးရိုးတန်း သင်္ဘောစီးခများအနက် ရန်ကုန်-ဘိုကလေး (ကုန်)ခရီးစဉ် ကုန်းပတ်ခမှာ အတက်နည်းဆုံး ဖြစ်ပြီး မုံရွာ-ခန္တီး (အမြန်) ခရီးက နှစ်ဆ တက်ကာ အတက်အများဆုံး ဖြစ်သည်။

မန္တလေး-ကသာ သင်္ဘောလိုင်း၏ ပထမတန်းခမှာ ၁.၂ ဆဖြင့် အနိမ့်ဆုံးတက်ကာ ကျပ် ၆,၉၅ဝ ဖြစ်သွားပြီး မန္တလေး-ပြည် ပထမတန်းခမှာ နှစ်ဆတက်ကာ ၁ဝ,ဝ၂ဝ ကျပ် ဖြစ်သွားသည်။

ကုန်တင်ခ နှုန်းထားများတွင် မြစ်ဝကျွန်းပေါ် ခရီးစဉ်များအတွက် ရေမိုင် တမိုင်လျှင် သုံးကျပ်မှ ရှစ်ကျပ်အထိ တိုးသွားသလို ချင်းတွင်းမြစ်ကြောင်း ခရီးစဉ်များအတွက် ရေမိုင်တမိုင်လျှင် ယခင်ကထက် ၃၆ ကျပ် မြင့်တက် သွားသည်။

ရန်ကုန်နှင့် ဒလ၊ ခနောင်တို၊ ဆာပါချောင်နှင့် ဆိပ်ကြီးတို့နှင့် ပြေးဆွဲနေသော ကူးတို့ခများလည်း နှစ်ဆ တက်သွားပြီး ၁ဝဝ ကျပ် ဖြစ်သွားသည်။
shiptasktable
“ဝန်ထမ်းတွေကိုလည်း ထောက်ပံ့ကြေး ၃ဝ,ဝဝဝ ကျပ် တိုးပေးလိုက်တယ်။ စက်သုံးဆီ တဂါလံကို နိုင်ငံတော်က သုံးထောင့်ငါးရာအထိ တိုးလိုက်တဲ့အတွက် အဲဒီ စရိတ်တွေကို ကာမိအောင် ဌာနဝင်ငွေ ပြန်ရှာဖို့ အခုလို တိုးမြှင့် လိုက်ရတာပါ” ဟု ဗုဒ္ဓဟူးနေ့က ရန်ကုန်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြည်တွင်း ရေကြောင်းဌာန၏ လက်ထောက်မန်နေဂျာ ဦးလူမော်ထွန်းနွဲ့ က ပြောသည်။

သင်္ဘောခ နှုန်းထားများတိုး မြှင့်ကောက်ခံရန် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးဉာဏ်ထွန်းအောင်က ဗုဒ္ဓဟူးနေ့ ညနေပိုင်းက လက်မှတ်ရေးထိုးခဲ့သည်။ ပြည်တွင်း ရေကြောင်း၏ ဌာနခွဲ ခြောက်ခုအောက်တွင် ခရီးလမ်းနှင့် ကူးတို့ လမ်း ၃၇ ခုရှိရာ ယခုနှစ်အတွင်း ဈေးနှုန်းတိုးမြှင့်ခြင်းကို လိုင်းများခွဲ၍ သုံးကြိမ်ခွဲလုပ်လိုက်ခြင်းဖြစ်သည်။ ဧပြီလတွင် တကြိမ်၊ ဇူလိုင်လတွင် တကြိမ် ခရီးလမ်း ၁၇ ခုအတွက် ဈေးမြှင့်ခဲ့သည်။

ထို့အပြင် အရှုံးပေါ်သဖြင့် ပြေးဆွဲမှု ရပ်ဆိုင်းခြင်း သို့မဟုတ် လျှော့ချသည့် သင်္ဘောလိုင်းများလည်း ရှိနေပြန်သည်။ ရန်ကုန်-မြောင်းမြ ခရီးလမ်းကို သြဂုတ်မှ စတင်ကာ အနည်းဆုံး နှစ်လကြာ ရပ်နားထားမှာဖြစ်ပြီး ရန်ကုန်-ဘိုကလေး ခရီးစဉ်ကို တပတ်လျှင် နှစ်ရက်မှ တပတ်လျှင် တရက်သာ ပြေးဆွဲတော့မည်။ ရန်ကုန်-ဖျာပုံကိုမူ တပတ်လျှင် ငါးရက် သို့ လျှော့ချလိုက်သည်။

နှစ်ပေါင်းများစွာ နိုင်ငံက အရှုံးခံ ပြေးဆွဲခဲ့ရသော ပြည်တွင်း ရေကြောင်းလိုင်းများ ခရီးသည်နှင့် ကုန်တင်ခများ တိုးမြှင့်
ကောက်ခံမှုကို လွန်ခဲ့သည့်နှစ် သြဂုတ်လကလည်း ပြုလုပ်ခဲ့သေးသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။