Tuesday, August 7, 2012

အရေးကြီးအဆိုများ ဆွေးနွေး အတည်ပြုရန် လိုအပ်နေဟု လွှတ်တော်အမတ် ပြော

ရန်ကုန် (မဇ္ဈိမ) ။        ။ အရေးကြီး ဥပဒေများကို ပြည်သူ့လွှတ်တော်တွင် မြန်မြန်ဆန်ဆန် ဆွေးနွေး အတည်ပြုရန် အားနည်းနေပြီး အဓိက အကြောင်းအရာများကို ပိုမိုအချိန်ပေး ဆွေးနွေးရန် လိုအပ်နေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အချို့က ဆိုသည်။

“ပြည်သှု့ လွတ်တော်မှာ အရေးတကြီး ဆွေးနွေးဖို့ လိုအပ်တဲ့ ဥပဒေတွေ ဆွေးနွေး အတည်ပြုဖို့အရေး အားနည်းနေ
သေးပါတယ်။ အဓိက အကြောင်းအရာတွေကို ဆွေးနွေးဖို့ အားနည်းနေပါတယ်။ ဥပမာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ ပတ်သတ်တာတွေကို လျှင်လျှင်မြန်မြန် ဆွေးနွေးထုတ်ပြန်ပေးဖို့ လိုနေပါတယ်” ဟု သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့် က ဆိုသည်။

ဆက်လက်၍ “နိုင်ငံခြား ရင်းနှီးမြှုပ်နှံလိုသူတွေကလည်း ခိုင်မာတဲ့ ဥပဒေပြုပြီးမှ လာပြီး ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နှိင်မှာပါ။ ရင်းနှီးမြှုပ်နှံသူတွေ လာမှ လုပ်သားပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုပွင့်လန်းလာပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
3paliman3
ပြည်သူ့လွှတ်တော်တွင် အရေးကြီး ဥပဒေများကို မြန်မြန်ဆန်ဆန် ဆွေးနွေး အတည်ပြုရန် အားနည်းနေပြီး အဓိက အကြောင်းအရာများကို ပိုမိုအချိန်ပေး ဆွေးနွေးရန် လိုအပ်နေဟု ကိုယ်စားလှယ်အချို့ကပြော (ဓါတ်ပုံ မဇ္ဈိမ)
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက တင်ပြဆွေးနွေးချက်များကို အထူးအလေးပေး ဆောင်ရွက်ခြင်းများ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များကလည်း ပြည်သူများ၏ လိုအပ်ချက်များကို ကိုယ်ရောစိတ်ပါ အလေးထား ဆောင်ရွက် မှသာ ပြည်သူများ လေးစား အားထားရသော ပြည်သူ့လွှတ်တော်ကိုစားလှယ်များ ဖြစ်မည်ဟု ဦးသိန်းညွန့်က ဆိုသည်။

သို့သော် အဆိုပါ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ထွက်ပေါ်မလာရသေးခြင်းမှာ ထိုဥပဒေနှင့် ဆက်စပ်နေသည့် အခြားဥပဒေများ အတည်မပြုရသေး၍ဖြစ်ကြောင်း ပြည်သူလွှတ်တော် ဥပဒေရေးရာနှင့် အမှုကိစ္စရပ်များ လေ့လာ ဆန်းစစ်ရေး ကော်မတီဝင် ဦးသန်းမောင် က ဆိုသည်။

“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ မထွက်နိုင်သေးတာက တချို့ ဥပဒေတွေလည်း မထွက်သေးလို့ ဖြစ်တာပါ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ ဆက်စပ်နေတဲ့ နိုင်ငံခြား ငွေကိုင်ဆောင်ခွင့် ဥပဒေ၊ ပတ်ဝန်းကျင် ထိန်းသိန်းရေး ဥပဒေတွေ၊ မှုပိုင်ခွင့် ဥပဒေတွေ၊ အလုပ်သမား ထိခိုက်နှစ်နာမှု ဥပဒေတွေ၊ မြေယာပိုင်ဆိုင်မှု ဥပဒေတွေ အတည်ပြုပြီးမှ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပြည့်စုံမှာပါ” ဟု ဥပဒအကြံပေး ဦးသန်းမောင် က ပြောသည်။

၁၉၈၈ ခုနှစ်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြဋ္ဌာန်းခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေ ထွက်ရှိခဲ့
သော်လည်း နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့် လဲလှယ်မှုများ ငွေလဲနှုန်း သတ်မှတ်မှုများစသည့် အခက်အခဲပေါင်းများစွာ ရှိခဲ့သည်။

“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်တာ ကျနော်တို့နိုင်ငံ တခုတည်း မဟုတ်ပါဘူး။ နိုင်ငံတိုင်းပါ။ ရင်းနှီးမြှုပ်နှံ သူတွေ လာချင်အောင် ရာခိုင်နှုန်းပြည့် ရင်းနှီးမြှုပ်နှံခွင့်တွေ၊ ပြည်တွင်း ကုမ္ပဏီတွေနဲ့ ပေါင်းပြီး အနည်းဆုံး ၃၅ ရာခိုင်နှုန်း ထည့်ဝင် ရင်းနှီးမြှုပ်နှံခွင့်တွေ ပေးထားတာပါ” ဟု ဦးသန်းမောင် က ပြောဆိုသွားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။