Tuesday, August 7, 2012

မရင်းချောင်းတစ်လျှောက်ရှိ ဆည်များနှင့် အင်းများ၏ အတားအဆီးများကြောင့် ရေလျံမှုများ နှစ်စဉ်ဖြစ်ပေါ်ပြီး လယ်ဧကများ ရေနစ်မြှုပ်မှုဖြစ်ပေါ်


ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၌ မိုးတွင်းတွင် မရင်းချောင်းတစ်လျှောက်ရှိ ဆည်များနှင့် အင်းများ၏ အတားအဆီးများကြောင့် မရင်းချောင်းရေလျှံမှုများ နှစ်စဉ်ဖြစ်ပေါ်ပြီး လယ်ဧကများ ရေနစ်မြှုပ်မှုနှင့် ဒေသခံများ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။


'အရင်တုန်းကဆို မိုးအရမ်းများမှ သုံးနှစ်လေးနှစ်ကြာ တစ်ကြိမ်ပဲ ချောင်းရေလျံတာတွေ ဖြစ်ပါတယ်။၂၀၀၇ ခုနှစ်နောက်ပိုင်းမှာ ချောင်းတစ်လျှောက် ဆည်တွေနဲ့အင်းတွေရဲ့ အတားအဆီးတွေကြောင့် နှစ်စဉ်ချောင်းရေကျော်တဲ့အတွက် ဒေသခံ တွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တချို့နှစ်တွေမှာ ချောင်းရေကျော်တာကြောင့် လူသေဆုံးခဲ့ရတာတွေတောင် ရှိပါတယ်။ မရင်းချောင်းတံတားရေကျော်တဲ့အတွက် သွားလာရေး အခက်အခဲတွေ၊ ချောင်းရေကျော်ပြီး လယ်တွေနစ်မြှုပ်တဲ့အ တွက် လယ်သမားတွေ ပြန်စိုက်ရတဲ့အခါ ဆုံးရှုံးမှုတွေ ရှိပါတယ်။ မရင်းချောင်းဝန်းကျင်မှာ ကျေးရွာအုပ်စု လေးအုပ်စုရှိပြီး လယ်အပြင် ဥယျာဉ်ခြံထွက်သီးနှံတွေပါ စိုက်ပျိုးပါတယ်''ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုဂုဏ်ရည်စိုးက ပြောကြားခဲ့သည်။
''မရင်းချောင်း ရေကျော်တဲ့အတွက် အများအပြား ထိခိုက်တာကတော့ လယ်ဧကတွေပါ။ မရင်းချောင်းဝန်းကျင်မှာ လယ်ဧကရာကျော် ရှိပါတယ်။ မနှစ်ကဆိုရင် ရေနစ်မြှုပ်တဲ့အတွက် သုံးကြိမ်တောင် ပြန်စိုက်ရတဲ့အခါ လယ်သမားတွေ ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။ ဒီဒေသမှာက တခြားဥယျာဉ်ခြံထွက်သီးနှံတွေပါ စိုက်တဲ့အတွက် ဥယျာဉ်စိုက်ပျိုးမှုတွေကိုလည်း ထိခိုက်မှုရှိပါတယ်။ ထိခိုက်မှုက အနည်းနဲ့အများပဲ ကွာခြားပါတယ်။ ရေကတစ်ခါကျော်ရင် လနဲ့ချီပြီး ကြာတဲ့အတွက် ဒေသခံကျောင်းသား၊ ကျောင်းသူတွေ၊ ဒေသခံတွေ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။ ပို့ဆောင်ဆက်သွယ်ရေးအတွက် ကားတွေလည်း ထွက်လို့မရတဲ့အတွက် ကုန်စည်စီးဆင်းမှုတွေ နှောင့်နှေးကုန်ပါတယ်။ မိုးတွင်းမှာ ကုန်ဈေးနှုန်းကလည်း နှစ်တိုင်းတက်ပါတယ်''ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုဝင်းခိုင်စိုး၏ ပြောကြားချက်အရ သိရပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။