Tuesday, August 7, 2012

ရခိုင်ပြည်နယ်ပဋိပက္ခ လွတ်လပ်သော စုံစမ်းမှု ကွင်တားနား တောင်းဆို

မဇ္ဈိမသတင်းဌာန ။        ။ တဘက်သတ် ဖမ်းဆီးထိန်းသိမ်း သတ်ဖြတ်မှုများ၊ ဥပဒေအရ ရပိုင်ခွင့်များအပေါ်
ငြင်းဆိုမှုများနှင့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံရသူများအပေါ် နှိပ်စက်ညှဉ်းပန်းမှုများ နှင့် လုံခြုံရေးနှင့် ရဲတပ်ဖွဲ့အင်အား အလွန်အကျွံ အသုံးပြုမှု အပါအဝင် ရခိုင်ပြည်နယ် အတွင်း လူ့အခွင့်အရေး ချိုးဖောက်နေသည်ဟူသော စွပ်စွဲချက်များ
နှင့် ပတ်သတ်၍ လွတ်လပ်၍ ယုံကြည်စိတ်ချလောက်သော စုံစမ်းစစ်ဆေးမှု တရပ်ပြုလုပ်ရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ်အိုဟေး ကွင်တားနားက တောင်းဆိုလိုက်သည်။

“ရခိုင်ပြည်နယ်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ရှင်းရှင်းလင်းလင်း စုံစမ်းဖော်ထုတ်ဖို့နဲ့ တာဝန်ခံမှုတွေ ရှိဖို့ဟာ အခြေခံ ကျပြီး အရေးကြီးလှပါတယ်” ဟု သောမတ်စ် ကွင်တားနားက သူ၏ ခြောက်ရက်ကြာ အချက်အလက် ရှာဖွေ လေ့လာ စုံစမ်းရေး ခရီးစဉ် ပြီးဆုံးခဲ့သည့် စနေနေ့က ပြောကြားလိုက်သည်။

“ဒါတွေ မပါဘဲ ပြန်လည်စည်းလုံးညီညွတ်ရေးဟာ မဖြစ်နိုင်သလို ပုံကြီးချဲ့မှုတွေနဲ့ လိုရာဆွဲပြီး သတင်းပုံဖျက်မှုတွေက သံသယတွေနဲ့ တင်းမာမှုတွေကို ပိုမို တောက်လောင်လာစေမှာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် မြန်မာ့ လွှတ်တော်သည် အသင့်တော်ဆုံးဖြစ်သည် ဟုလည်း ကွင်တားနားက ဆိုသည်။
TOQ1
“ခက်ခဲပြီး လိုအပ်နေတဲ့ ဒီတာဝန်ကို ယူဖို့အတွက် ကော်မရှင် တရပ်ကို ဖွဲ့စည်းပေးဖို့ အသင့်တော်ဆုံးဟာ ပါတီစုံ၊ လူမျိုးစုံ ပါဝင်တဲ့ တခုတည်းသော အဖွဲ့အစည်းဖြစ်တဲ့ လွှတ်တော်လို့ ကျနော်ယုံကြည်ပါတယ်” ဟု သူ၏ ကြေညာချက် ထဲတွင် ဖော်ပြထားသည်။

“ပထမ အဆင့် အနေနဲ့ စစ်မှန်တဲ့ ကော်မရှင်ကို ဘယ်လို ပုံဖော်ဖွဲ့စည်းသင့်တယ် ဆိုတာနဲ့ ပတ်သတ်တဲ့ အကြံဉာဏ်နဲ့ အမြင်တွေ ရရှိဖို့အတွက် လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေ အပါအဝင် သက်ဆိုင်သူ အားလုံး ပါဝင်တဲ့ တိုင်ပင်
ဆွေးနွေးမှု လုပ်ငန်းစဉ်တရပ် ရှိသင့်ပါတယ်” ဟု ကွင်တားနားက ဆိုသည်။

“ဒီလို ကြုံတွေ့ဖူးတဲ့ တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံတွေကနေ သင်ခန်းစာ ယူသင့်ပါတယ်။ ကုလသမဂ္ဂနဲ့ တခြား
နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း အကူအညီတွေ ပေးပါလိမ့်မယ်” ဟု ဆိုသည်။

ထို့ပြင် အဖမ်းဆီးခံထားရသော ကုလသမဂ္ဂ ဝန်ထမ်း ခြောက်ဦးကို ပြန်လွှတ်ပေးရေး၊ ယုံကြည်ချက် အကျဉ်းသားများ အား လွှတ်ပေးရေးနှင့် ကချင်ပြည်နယ်တွင် တိုက်ခိုက်မှုများ ရပ်စဲရေးတို့ကိုလည်း ကွင်တားနားက တောင်းဆိုခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးခဲ့သည့် ပဋိပက္ခများနှင့် ပတ်သတ်နေသည်ဟု ဆိုကာ အဖမ်းခံထားရသော ကုလသမဂ္ဂ ဝန်ထမ်း ခြောက်ဦးနှင့်လည်း အင်းစိန်နှင့် ဗူးသီးတောင် အကျဉ်းထောင်များတွင် သွားရောက်တွေ့ဆုံကာ မေးမြန်း ခဲ့သည့်အပြင် နိုင်ငံတကာ အန်ဂျီအို အဖွဲ့များမှ ဝန်ထမ်း တချို့လည်း အလားတူ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရ သည်ဟု သတင်းများ ရရှိခဲ့ကြောင်းလည်း ကွင်တားနားက ဆိုသည်။ အခြား ဖမ်းဆီးခံထားရသူများမှာ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) နှင့် နယ်စည်းမခြား ဆရာဝန်များ အဖွဲ့မှ ဝန်ထမ်းများ ဖြစ်ကြသည်ဟု လူ့အခွင့်အရေး အဖွဲ့များက ဆိုကြသည်။

“ကျနော်ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတွေကို အခြေခံပြီး ပြောရမယ်ဆိုရင် သူတို့ကို ဖမ်းဆီးထိန်းသိမ်းထားစဉ်မှာ သူတို့ အပေါ် ဆက်ဆံပုံနဲ့ ပတ်သတ်ပြီး ပြင်းပြင်းထန်ထန် စိုးရိမ်မိပါတယ်” ဟု ကွင်တားနားက ပြောဆိုလိုက်ပြီး ထိုသူတို့ အပေါ် စွပ်စွဲချက်များမှာလည်း အခြေအမြစ် မရှိဟု ယုံကြည်ကြောင်းနှင့် ၎င်းတို့၏ ရပိုင်ခွင့်များကိုလည်း ငြင်းပယ်ခြင်း ခံထားရကြောင်း ပြောသည်။

ရခိုင်ပြည်နယ်တွင် ဇွန်လအတွင်း ဗုဒ္ဓဘာသာဝင်များနှင့် မူဆလင် အသိုင်းအဝိုင်းအကြား ပဋိပက္ခများ ဖြစ်ပွါးခဲ့ရပြီး အနည်းဆုံး လူ ၇၈ ဦး သေဆုံးကာ ထောင်နှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု သတင်းများက ဆိုကြသည်။

အကြမ်းဖက်မှုများကြောင့် အိုးအိမ်နှင့် စီးပွါးရေးလုပ်ငန်းများ ပျက်ဆီးဆုံးရှုံးခဲ့ရသူများ၏ ဒုက္ခများကို ကိုယ်တိုင်
မြင်ခဲ့ရသူ ကွင်တားနားက “ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး အခြေအနေဟာ ဆိုးဝါးနေပါတယ်” ဟု မှတ်ချက်ချ သွားသည်။

အိုးအိမ်ဆုံးရှုံးခဲ့ရသူများ အထူးသဖြင့် ဒုက္ခသည် စခန်းကြီးများတွင် ခိုလှုံနေရသော ဒုက္ခသည်များ၏ အရေးပေါ် လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ရေး အတွက် အရေးပေါ် ဂရုစိုက်မှုများလည်း လိုအပ်သည်ဟု သူက ဆိုခဲ့ပြီး
မြန်မာအစိုးရ၏ အကူအညီ တောင်းခံမှုအပေါ် တုံ့ပြန်ကူညီရန် အတွက်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းလိုက်သည်။

ထို့ပြင် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် စည်းလုံးညီညွတ်ရေးအတွက် မြန်မာအစိုးရ အနေဖြင့် ညီညွတ်မှုကို အခြေခံကာ ရခိုင်ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းနှင့် ရိုဟင်ဂျာ အသိုင်းအဝိုင်းအကြား ခွဲခြားမှု မရှိသော ရေရှည်နည်းဗျူဟာ တရပ် လိုအပ်သည်ဟု အလေးအနက် ပြောဆိုသည်။

ထို့ပြင် ကွင်တားနားသည် ၎င်း၏ ခရီးစဉ်အတွင်း အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းကျနေသည့် နိုင်ငံရေး အကျဉ်းသားများနှင့်လည်း တွေ့ဆုံခဲ့ပြီး ၎င်းတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးရန် အစိုးရအား တောင်းဆိုခဲ့သည်။

ထို့ပြင် တိုင်းရင်းသား ပဋိပက္ခများအား ဖြေရှင်း၊ အဖြေရှာရန် အားထုတ်မှုများကို အရှိန်အဟုန် မြှင့်တင်သင့်သည်ဟု ကွင်တားနားက ဆိုခဲ့ပြီး တိုင်းရင်းသားအုပ်စုများ ခံစားနေရသည့် ရေရှည် နာကျည်းချက်များနှင့် အမြစ်တွယ်နေသည့် စိုးရိမ်မှုများအား ဖြေရှင်းပေးသင့်သည်ဟု တိုက်တွန်းခဲ့သည်။

“ဆက်လက်ဖြစ်ပွါးနေတဲ့ ပဋိပက္ခတွေ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဖြစ်ပွါးနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သတ်ပြီး အရပ်သားတွေကို တိုက်ခိုက်မှုတွေ၊ တရားမဲ့စွာ သတ်ဖြတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ နေအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေ၊ နှိပ်စက်ခံရမှုတွေ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေပါတယ်လို့ တိုင်ကြားချက်တွေကို ကျနော် ဆက်လက် လက်ခံရရှိနေတုန်းပါပဲ။ ဒီ့အပြင် မြေမြှုပ်မိုင်း အသုံးပြုမှုတွေ၊ ကလေးစစ်သား အသုံးပြုမှုတွေ၊ ပဋိပက္ခအတွင်းမှာ ပါဝင်ပတ်သတ်နေတဲ့ အဖွဲ့အားလုံးက ကျူးလွန်နေတယ် ဆိုတဲ့ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ၊
ပေါ်တာ ထမ်းခိုင်းမှုတွေ စတဲ့ စွပ်စွဲ တိုင်ကြားချက်တွေကိုလည်း ကျနော် လက်ခံ ရရှိထားပါတယ်” ဟု သူကဆိုသည်။

ထိုစွပ်စွဲချက်များအား ဦးစားပေး ဖြေရှင်းပေးရန် လိုအပ်ကြောင်းနှင့် ဆယ်စုနှစ်များစွာ လူ့အခွင့်အရေး ချိုးဖောက်မှု
ကြောင့် ဖြစ်ပေါ်လာသည့် နာကျည်းမှုများကို ကိုင်တွယ် ဖြေရှင်းပေးရန် လိုအပ်ကြောင်းကိုလည်း သူက ထပ်လောင်း
ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးခဲ့သော ပဋိပက္ခသည် လူအများ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် မလိုမုန်းထားမှုများကို ပေါ်လွင်စေခဲ့သည့်အပြင် ဆယ်စုနှစ်များစွာ စစ်တပ်မှ ဖိနှိပ်အုပ်ချုပ်ခဲ့ပြီး နောက်ပိုင်း ၂ဝ၁၁ ခုနှစ်တွင် အာဏာ ရယူခဲ့သည့် ယခုလက်ရှိ အစိုးရ၏ ကတိကဝတ် ဖြစ်သော လူ့အခွင့်အရေးကို ကာကွယ်ပေးမည် ဆိုသည့် ကတိအားလည်း သုံးသပ်ဝေဖန်စရာ ဖြစ်လာစေခဲ့သည်။

ရခိုင်ပြည်နယ်ရှိ လူ ၅၇ ဦးအား အင်တာဗျူး ပြုလုပ်ကာ သက်သေများကို ကိုးကား ရေးသားထားသည့် နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည်မှုအဖွဲ့ (HRW) ၏ ယခုအပတ်ထုတ် အစီရင်ခံစာ တစောင်တွင် မြန်မာနိုင်ငံတွင် အနည်းဆုံး ၈ဝဝ,ဝဝဝ ခန့် ရှိနေသော ရိုဟင်ဂျာများအပေါ် နိုင်ငံတော်မှ ပါဝင်ပတ်သတ်နေသည့် နှိပ်စက်မှုများနှင့် ခွဲခြားဆက်ဆံမှုများ ရှိနေသည်ဟု ဆိုထားသည်။

“အဲဒီ့စွပ်စွဲချက်တွေ မှန်မမှန် စိစစ်ဖို့ ကျနော့်အနေနဲ့ အခွင့်မရှိပေမဲ့ ဒါတွေဟာ အလွန်စိုးရိမ်စရာ ကောင်းပါတယ်” ဟု ကွင်တားနားက ဆိုသည်။

ကွင်းတားနားသည် သူ၏ တွေ့ရှိချက်များကို လာမည့် ကုလသမ္မဂ္ဂ အထွေထွေ ညီလာခံတွင် တင်ပြမည်ဟု ဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။