ကွမ်းခြံစိုက်ပျိုးသည့်နေရာများတွင် မြစ်ရေနစ်မြှုပ်မှုကြောင့် ရန်ကုန်ရှိ ကွမ်းဈေးကွက်အတွင်း ကွမ်းဈေးနှုန်းမှာ (၂)လအတွင်း လေးဆခန့်အထိ မြင့်တက်လာကြောင်း သိရှိရသည်။
“ ကွမ်းခြံတွေ ရေတက်ပြီး ကွမ်းအထွက်နည်းလို့ ကွမ်းဈေးတွေတက်တာပါ၊ ဒီနှစ်က မိုးလဲနဲနဲပိုတယ် လို့ထင်တယ်၊ ကွမ်းကမိုးလေးနဲနဲလေးရက်ဆက်ရွာတာနဲ့ကွမ်းအကွက်တွေတုန်းပြီး ပျက်စီးတာ များတယ်၊ ဝါဆိုလဆိုတော့ ကွမ်းလည်း အထွက်နည်းသွားတယ်၊ ကွမ်းအထွက်နည်းတော့ ကွမ်း ဈေးကြီး သွားတာပါ’’ဟုမော်လမြိုင်ကျွန်းမြို့ နယ်မှ ကွမ်းခြံစိုက်တောင်သူတစ်ဦးက ပြောသည်။
ယခုနှစ်မိုးရာသီသည် ယခင်နှစ်များထက် မိုးရွာချိန်များပြီး ကွမ်းခြံများအတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်ခဲ့မှုကြောင့် ကွမ်းပင်များပျက်စီးဆုံးရှုံးရခြင်း ဖြစ်ကြောင်း ကွမ်းစိုက်ပျိုးသည့်တောင်သူ များကဆိုသည်။
“ ကွမ်းစိုက်တဲ့လမှာ ရေကြီးတော့ ကွမ်းဈေးတက်တာပေါ့၊ ကွမ်းတွေက ရေတက်တော့ကွမ်းရွက်ကကွက်ပြီး ပျက်စီးတာများတယ်၊ အဲ့လိုတွေဖြစ်လို့ ၂လအတွင်း ဈေးတက်လာတာပါ ’’ဟု သီရိမင်္ဂလာဈေးရှိ ဦးဥာဏ်မင်းကွမ်းဒိုင်မှ ဆိုင်တာဝန်ခံတစ်ဦးက ပြောသည်။
ဇွန်လပိုင်းအတွင်းက ပန်းတနော်(ရှယ်) တစ်ပိဿာလျှင် ကျပ် (၁၂ဝဝ) ဝန်းကျင်ရှိခဲ့ပြီး ယခု ပန်းတနော်(ရှယ်) တစ်ပိဿာလျှင် (၅ဝဝဝ) ကျပ် ဝန်းကျင်၊ ၂ ရွက်တစ်ယာကွမ်းမှာမူ ယခင်က တစ်ပိဿာလျှင် (၁ဝဝဝ)ကျပ်မှ ယခုတစ်ပိဿာလျှင် (၁၅ဝဝ) ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ် ဖြစ်နေသည်ဟု သီရိမင်္ဂလာဈေး ကွမ်းဈေးကွက်က သိရှိရသည်။
လက်ရှိသီရိမင်္ဂလာဈေး ကွမ်းဈေးကွက်အတွင်းသို့ ဧရာဝတီတိုင်းဒေသကြီးမှ ပန်းတနော်၊ ဝါးခယ်မ၊ကျိုက်လတ်တို့မှ ကွမ်းအများဆုံးဝင်ရောက်ပြီး ဇလွန်ဘက်က ကွမ်းတွေအဝင်များနေကြောင်းနှင့် အမျိုးအစားကောင်းပြီး လူကြိုက်များသည့် ပန်းတနော်ကွမ်းမှာ အဝင်နည်းသွားသည့်အတွက် ဈေးနှုန်းမြင့်တက်လာခဲ့ခြင်းဖြစ်သည်ဟု ကွမ်းဒိုင်များကဆိုသည်။
“ အရင်က ၂ဝဝဖိုးဆိုရင် ၆ယာ ရတယ်၊ အခုက ၂ဝဝဖိုးဆိုရင် ၄-၅ ယာပဲ ရတော့တယ်၊ကွမ်းအရေအတွက်တော့ လျော့တာပေါ့’’ ဟုကွမ်းစားသူ တစ်ဦးကပြောသည်။
ထိုသို့ ကွမ်းဈေးမြင့်တက်လာခြင်းကြောင့် ကွမ်းယာဆိုင်များတွင်လည်း ကွမ်းအရေအတွက်လျော့ကာရောင်းချလျက်ရှိ ကြောင်းကိုလည်း သိရှိရသည်။
“ ကျွန်မတို့ကလဲ ကွမ်းဈေးတက်လာတော့ ရောင်းရတာခက်တယ်၊ အရင်ကဆို ဝယ်စားတဲ့သူတွေက ဘာလို့အယာတွေ လျော့တာလဲလို့မေးတယ်၊ အမြဲပဲ ရှင်းပြရတယ်၊ ကျွန်မတို့ကလဲ လျော့ပြီးမရောင်းချင်ပါဘူး၊ ကွမ်းဈေးတွေတက်လာလို့လျော့ရောင်းရတာပါ’’ ဟု ကွမ်းယာရောင်းချသူ မချိုက ပြောသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။