Tuesday, August 7, 2012

ဒဂုံမြို့သစ်အရှေ့ပိုင်း ကျေးရွာများရှိ လယ်ဧကများနှင့် အဆောက်အဦအချို့ ရေနစ်မြှုပ်မှုများဖြစ်ပွား ငမိုးရိပ်ဆည် တည်ဆောက်ပြီးကာလမှစ၍ ရေကြီးလာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရ



ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်အတွင်းရှိ ရေနစ်မြှုပ်နေသည့် လယ်မြေအချို့ကို သြဂုတ်လ ၅ ရက်နေ့က တွေ့ရစဉ်
ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့် လှည်းကူးမြို့နယ်များရှိ ကျေးရွာများတွင် လယ်ဧကများနှင့် အဆောက်အဦအချို့ ရေနစ်မြှုပ်မှု ဖြစ်ပွားနေကြောင်း၊ ရေနစ်မြှုပ်မှုမှာ ငမိုးရိပ်ဆည် တည်ဆောက်ပြီးကာလများမှစ၍ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ရေနစ်မြှုပ်ခံ ရသောရွာများရှိ ဒေသခံများထံမှ သိရှိရသည်။

လက်ရှိအချိန်ထိ ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ ကျေးရွာများဖြစ်သော ထောင်တလုပ်ကျေးရွာ၊ မလစ်အရှေ့ပိုင်းကျေးရွာအုပ်စု၊ ရှမ်းတဲကြီး၊ လေးထောင့်ကန်၊ သုံးခွကျေးရွာများတွင်လည်း နေအိမ်အချို့၊ စိတ်ကျန်းမာရေးဆေးရုံရှိ အဆောင် ၅ ဆောင်ခန့် ရေ၀င်ရောက်မှုများ ရှိနေကြောင်းနှင့် လယ်ဧက ၄၀၀၀ခန့်မှာလည်း ရေနစ်မြှုပ်မှုများ ဖြစ်ပွားနေကြောင်း၊ လှည်းကူးမြို့နယ်တွင် လယ်ဧက ၁၀၀၀ခန့်နီးပါးနှင့် လူနေအိမ်အချို့ ရေနစ်မြှုပ်နေကြောင်း၊ အဆိုပါ ရေနစ်မြှုပ်မှုဖြစ်စဉ်မှာ ဇူလိုင်လ တတိယပတ်မှစ၍ ဖြစ်ပေါ်ခဲ့ကြောင်း၊ လက်ရှိအချိန်ထိ ရေနစ်မြှုပ်မှုမှာ စိုးရိမ်ဖွယ် အခြေအနေထိ ရောက်ရှိနေပြီး ကျေးရွာများအတွင်း အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ 
ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်အတွင်းရှိ ငမိုးရိပ်ဆည်မှ အရာရှိတစ်ဦးမှ ''ကျွန်တော်တို့အနေနဲ့လည်း ဒီဖြစ်စဉ်နဲ့ပတ်သတ်လို့ အဓိကပြသာနာရှိနေတဲ့ ရေထွက်ပေါက်တွေကို ရှင်းလင်းမှုတွေ ပြုလုပ်နေပါတယ်''ဟု ပြောကြားခဲ့သည်။   
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ထောင်တလုပ်ကျေးရွာမှ လယ်သမား ကြီးဦးတင်အေးက ''မနှစ်က စပါးပျက်လို့ သုံးခါ ပြန်စိုက်ရတယ်။ ရှုံးမယ်မှန်းသိပေမယ့် လယ်သမားဆိုတာ လယ်စိုက်ရမှ ကျေနပ်တာပါ။ ကျွန်တော်တို့ လယ်သမားတွေဘ၀က ကုမ္ပ ဏီကလယ်တွေသိမ်းလို့ ဘ၀ပျက်နေရတဲ့အထဲ အခုလိုရေကြီးတော့ စားဝတ်နေရေး အရမ်းဒုက္ခရောက်ပါတယ်''ဟု ပြောပြပါသည်။
ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ စိတ်ကျန်းမာရေးဆေးရုံကြီးမှ ၀န်ထမ်းတစ်ဦးကလည်း ''ကျွန်တော်တို့ ဒီကို ၂၀၀၂ ကတည်းက ပြောင်းလာတာပါ။ ဆည်ပြီးသွားတဲ့ နောက်ပိုင်းနှစ်စဉ်နီးပါး ရေကြီးပါတယ်။ နည်းတာနဲ့ များတာပဲ ကွာတယ်။ အခုဆိုရင် လူနာ အဆောင်ချို့ စင်္ကြန်လမ်းတွေ ရေနစ်နေပါပြီ။ လူနာအိပ်တဲ့နေရာတွေကိုတော့ ရေမ၀င်သေးဘူး။ ဒီညမိုးများမယ်ဆိုရင်တော့ ပြောလို့မရဘူး။ အဆောင်သစ်တွေရှိပေမယ့် ခြံစည်းရိုး မလုပ်ရသေးတော့ ကျွန်တော်တို့ လူနာတွေကို ထားလို့ မရသေးဘူး။ မဖြစ်မနေ လိုအပ်လာရင်တော့ ထားရမှာပါ''  ဟု ပြောကြားခဲ့ပါသည်။
ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ  ငမိုးရိပ်ဆည်မှာ ၂၀၀၆ ခုနှစ်အတွင်း စတင်ဖွင့်လှစ်ခဲ့သော ဆည်မြောင်းတာတမံဖြစ်ကြောင်း၊၂၀၀၉ ခုနှစ်အစပိုင်းတွင် ဆည်ကျိုးမှု ဖြစ်ပွားခဲ့ပြီး ပြန်လည်ပြင်ဆင်တည်ဆောက်ခဲ့ရသော တာတမံ တစ်ခုဖြစ်ကြောင်းလည်း သိရှိရသည်။   

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။