Tuesday, August 7, 2012

၂၀၁၂ ခုနှစ် ခုနစ်လအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ယာဉ်တိုက်မှုဖြစ်စဉ် ခုနစ်ရာကျော် ဖြစ်ပွား၊ ကျူးလွန်သူမှ တိုက်ပြီး ထွက်ပြေးသွားသည့် အမှုပေါင်းသုံးရာနီးပါးရှိခဲ့



7449
ဇူလိုင်လအတွင်း တက္ကသိုလ်ရိပ်သာလမ်း အနီး၌ ယာဉ်တိုက်မှုဖြစ်စဉ်မှ ယာဉ်တစ်စီးကို တွေ့ရစဉ် ဓာတ်ပုံ-အောင်ဇော်ထွန်း
၂၀၁၂ ခုနှစ် ခုနှစ်လအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ယာဉ်တိုက်မှု ဖြစ်စဉ်ခုနစ်ရာကျော် ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူမှ တိုက်ပြီးထွက်ပြေးသွားသည့် အမှုပေါင်းသုံးရာနီးပါးရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကြိုးမဲ့ ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူး ရုံးမှ သိရသည်။

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ သြဂုတ်လ ၁ ရက်နေ့အထိ နယ်မြေ (၁)တွင် ၂၄၉ မှု၊ နယ်မြေ  (၂) တွင် ၈၈ မှု၊ နယ်မြေ (၃)တွင် ၇၁ မှု၊ နယ်မြေ (၄)တွင် ၁၁၄ မှု၊ နယ်မြေ (၅)တွင် ၃၆မှု၊ နယ်မြေ (၆)တွင် ၈၄မှု၊ နယ်မြေ (၇) တွင် ၇၀ မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်များ အနက်မှ တိုက်ပြီးထွက်ပြေးသွားသည့် ၂၇၁ မှုရှိခဲ့ပြီး ယာဉ်အမှတ်သိ ထွက်ပြေးခဲ့သည့်ဖြစ်စဉ်မှာ ၁၇၅ မှု၊ ယာဉ်အမှတ်မသိ ထွက်ပြေးခဲ့သည့် ဖြစ်စဉ်မှာ ၉၆ မှုရှိခဲ့ကြောင်း  သိရှိရ သည်။
ယင်းကဲ့သို့ ယာဉ်အမှတ်သိပြီး ထွက်ပြေးခဲ့သည့် ၁၇၅ မှုအနက်မှ ၁၀၄ မှု၊ ယာဉ်အမှတ်မသိဘဲ ထွက်ပြေးခဲ့သည့် ၉၆ မှုအနက်မှ ၂၃ မှုတို့ ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၌ ယာဉ်အမှတ်မသိဘဲ ထွက်ပြေးခဲ့သည့် ၉၆ မှုတွင် နေ့အချိန်၌ ၁၈ မှုနှင့် ညအချိန်တွင် ၇၈ မှုဖြစ်ပွားခဲ့သည်။ ညအချိန်၌ ဖြစ်ပွားခဲ့သည့် ၇၈ မှု တွင် ညနေ ၆ နာရီမှ ည ၁၂ နာရီ အချိန်တွင် ၅၁ မှု ဖြစ်ပွားခဲ့ပြီး ည ၁၂ နာရီမှ နံနက် ၆ နာရီအချိန်ထိ ၂၇ မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ်အတွင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ၌ ယာဉ်တိုက်မှုဖြစ်စဉ် ၉၁ မှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၁၄ ဦး နှင့်အမျိုးသမီးလေးဦးတို့ သေဆုံးကာ အမျိုးသား ၈၅ ဦး၊ အမျိုးသမီး ၆၂ ဦး တို့ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇူလိုင်လအတွင်းဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုဖြစ်စဉ်များတွင် မ.ထ.သ ယာဉ်များနှင့် အခြားခရီးသည် ယာဉ်လိုင်းများတိုက်မှုဖြစ်စဉ် ၂၈ မှုပါဝင် ခဲ့ကြောင်း သိရှိရသည်။
၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်း မဆင်မခြင်မှု ၃၉ မှု၊ အရှိန်ပြင်း ၁၁ မှု၊ ခရီးသည်လိမ့်ကျမှု ခြောက်မှု၊ လမ်းကူးပေါ့ဆမှု၁၇ မှု၊ အနှေးယာဉ် သုံးမှု၊ ယာဉ်မောင်းလိုင်စင်မရှိ ၁၅ မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။