Wednesday, July 18, 2012

ဒုက္ခသည်အရေး UNHCR နှင့် တိုင်းရင်းသားအဖွဲ့များ ဆွေးနွေး

စံခလပူရီ (မဇ္ဈိမ) ။         ။ ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်များ ပြန်ပို့ရေးနှင့် ကချင်စစ်ပြေး ဒုက္ခသည်များအား ထိရောက်စွာ အကူအညီ ပေးနိုင်ရေးအတွက် တိုင်းရင်းသား အဖွဲ့အစည်း ၅ ဖွဲ့အား ဇူလိုင်လ ၆ ရက်နေ့က UNHCR မှ ထိုင်းနိုင်ငံ၌ ခေါ်ယူတွေ့ဆုံခဲ့ကြကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ တိုင်းရင်းသား ခေါင်းဆောင် တဦးက ပြော သည်။

“UNHCR က ထိုင်း-မြန်မာ နယ်စပ်မှာ ရှိတဲ့ ဒုက္ခသည်တွေ မြန်မာပြည်ထဲ ပြန်ရေး ကိစ္စကို တကယ်တန်း စိတ်ချတဲ့ အခြေအနေမှ အကောင်အထည် ဖော်ဖို့ ရှိတယ်။ အဲဒီလို အကောင်အထည်ဖော်တဲ့ နေရာမှာလည်း ထိုင်း၊ မြန်မာ အစိုးတို့နဲ့ ပူးပေါင်း လုပ်ဆောင်သွားဖို့ ရှိတယ်လို့ သူတို့ ပြောသွားတယ်။ လုပ်ငန်းစဉ် အပိုင်းကို ယေဘူယျလောက်ပဲ
ဆွေးနွေးကြတာပါ။ တိတိကျကျ လုပ်ဆောင်ချက် အပိုင်းတွေတော့ ဆွေးနွေးကြခြင်း မရှိသေးပါဘူး” ဟု အစည်း အဝေး တက်ရောက်ခဲ့သည့် ကရင်နီတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့် က ပြောသည်။

UNHCR ကိုယ်စားလှယ် အဖွဲ့အား အာရှနှင့်ပစိဖိတ်ဗျူရို ဒါရိုက်တာ Mr. Kasidis Rochanakorn က ဦးဆောင်ပြီး
ဒေသ ကိုယ်စားလှယ်၊ မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ်တို့ ပါဝင်သည့် ကိုယ်စားလှယ် ၅ ဦးဖြင့် လာရောက် ဆွေးနွေး ခဲ့ကြခြင်း ဖြစ်သည်။

တိုင်းရင်းသား အဖွဲ့အစည်းများဘက်မှ KNU, KNPP, NMSP, KIO, RCSS မှ ကိုယ်စားလှယ် ၈ ဦးနှင့် ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် ကူညီရေးအဖွဲ့တခုဖြစ်သည့် TBBC မှ အမှုဆောင်ဒါရိုက်တာ Mr. Jack Dunford ဦးဆောင်သည့် ကိုယ်စားလှယ် ၄ ဦးပါ အဖွဲ့တို့နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

TBBC မှ ၂ဝ၁၁ မတ်လ စာရင်းအရ ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်း ၉ ခု၌
ဒုက္ခသည် ဦးရေပေါင်း ၁၄၃,ဝ၉၇
ကျော် ရှိသည်။ သို့သော် အခြား အကူအညီပေးရေး အဖွဲ့များကမူ ဒုက္ခသည် တသိန်းခွဲမှ နှစ်သိန်းခန့်အထိ ရှိနိုင်သည် ဟု ခန့်မှန်းထားကြသည်။

၂ဝ၁၂ ခုနှစ် မေလလယ်ကလည်း ထိုင်းကာကွယ်ရေးဝန်ကြီး Sukumpol Suwanatat က ထိုင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ် Prayuth Chan-ocha နှင့် တွေ့ဆုံခဲ့ပြီး မြန်မာ ဒုက္ခသည်များအား နေရပ်ပြန်ပို့ရေး အစီအစဉ်များကို ဆွေးနွေးခဲ့ကြ
ကြောင်း ထိုင်းကာကွယ်ရေး ဝန်ကြီးဌာန သတင်းရပ်ကွက်က ဆိုသည်။

ထို့အပြင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ကျင်းပခဲ့သည့် ၆ ကြိမ်မြောက် အာရှကာကွယ်ရေး ဝန်ကြီးများ ထိပ်သီး
ဆွေးနွေးပွဲ၌ ထိုင်းကာကွယ်ရေး ဝန်ကြီး Sukumpol Suwanatat နှင့် မြန်မာ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ် လှမင်း တို့ တွေ့ဆုံခဲ့စဉ်ကလည်း အဆိုပါ မြန်မာဒုက္ခသည်များ နေရပ်ပြန်ပို့ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နှစ်ဦးအမြင်များ
ဆွေးနွေးခဲ့ကြသည်။

ဇူလိုင် ၆ ရက် ထိုင်းနိုင်ငံ ဆွေးနွေးပွဲတွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာ
နှင့် Colonel - Sin Wa တို့အား UNHCR မှ တနာရီခန့်ကြာ သီးသန့်တွေ့ဆုံခဲ့ပြီး ကချင်စစ်ပြေးဒုက္ခသည်များအတွက် UNHCR ၏ လူသားချင်းစာနာမှု အကူအညီများ လမ်းကြောင်း အသစ်ဖြင့် ပေးပို့ကူညီနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း
ဒေါက်တာလဂျာ က ပြောသည်။

“အကူအညီ ပေးရေးအတွက် အမြန်ဆုံးနဲ့ အထိရောက်ဆုံး လမ်းကြောင်းကို ရွေးချယ်နိုင်ဖို့ ဆွေးနွေးခဲ့ကြတာပါ။ အဆင်ပြေဆုံးကတော့ တရုတ်ဘက်ကို ဖြတ်ပြီးတော့ ကချင်ကို လာတဲ့ လမ်းကြောင်းဟာ အမြန်ဆုံးနဲ့ အလွယ်ဆုံး
ဖြစ်မယ်လို့ ကျနော်တို့ ဆွေးနွေးကြတယ်။ သူတို့အနေနဲ့ ဒီအစီအစဉ်ကို ပီကင်း (တရုတ်)အစိုးရနဲ့ ဆွေးနွေးဖို့ ရှိတယ်လို့ ပြောသွားတယ်” ဟု မဇ္ဈိမကို ပြောသည်။

၂ဝ၁၁ ဇွန်လမှ စတင်ခဲ့သည့် KIO နှင့် အစိုးရတို့၏ တိုက်ပွဲများကြောင့် တရုတ်-မြန်မာ နယ်စပ်တွင် ဒုက္ခသည်ပေါင်း ခုနှစ်သောင်းခန့်အထိ တိုးပွားခဲ့သည်။

ထို့ပြင် ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံ နယ်စပ်ရှိ ရမ်လူးနှင့် လောင်ဖိုင်း ကချင်စစ်ပြေး ဒုက္ခသည်စခန်း ၂ အား ဇူလိုင် ၇ ရက်နေ့တွင် အပြီး ဖယ်ရှားပေးရန် တရုတ် အစိုးရမှ ဖိအားပေးခဲ့သော်လည်း ဒုက္ခသည်များမှ စုပေါင်း အသနားခံခဲ့ သဖြင့် ပြန်လည် နေထိုင်ခွင့် ပြုခဲ့သည်။ ရန်လူး စခန်းတွင် လူဦးရေ ၁,၄ဝဝ ကျော် နေထိုင်ပြီး လောင်ဖိုင်း စခန်းတွင် လူဦးရေ ၇ဝဝ ကျော်ခန့် နေထိုင်ကြောင်း သိရသည်။

ကချင်နှင့် အစိုးရတို့ စစ်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် KIO ဌာနချုပ် လိုင်ဇာထိ UNHCR ၏ အကူအညီများ တကြိမ် သာ ရောက်ရှိခဲ့ပြီး နောက်ပိုင်း၌မူ မြန်မာ အစိုးရ၏ အကန့်အသတ်များကြောင့် အကူအညီပေးရေး အစီအစဉ်များ စတင်နိုင်ခဲ့ကြောင်း ဒေါက်တာလဂျာ က ပြောသည်။

UNHCR အဖွဲ့မှ ကိုယ်စားလှယ်များက ယခုဆွေးနွေးပွဲမှ ရရှိထားသည့် အချက်အလက်များအား ကုလသမဂ္ဂ လူသား ချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေးရုံး UNOCHA ၊ ကုလ ပညာရေးနှင့် ကလေးသူငယ်များဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNICEF ၊ ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR သို့ တိုက်ရိုက် အစီရင်ခံမည် ဖြစ်ပြီး အကူအညီ
ပေးရေး ကိစ္စများကို လိုအပ်သလို လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ကြောင်း ဒေါက်တာလဂျာ က ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။