Wednesday, July 18, 2012

ထုံးကွင်းကျေးရွာတွင် အ၀ီစိတွင်းအပိုင်စီးမှုကြောင့် ရွာသားများဒုက္ခရောက်နေ

ပြင်ဦးလွင်မြို့နယ် ထုံးဘိုအုပ်စုရှိ ထုံးကွင်းကျေးရွာတွင် လူတစ်ဦး၏ အနိုင်ကျင့်ခံရမှုကြောင့် လွန်ခဲ့သော(၅)လခန့်က သမ္မတထံစာတင်ထားသော်လည်း ယခုတိုင် ထူးခြားမှုမရှိသေးကြောင်း သိရှိရသည်။
ထုံးကွင်းကျေးရွာတွင် ရေရှားပါးမှုကြောင့် အများပိုင်အ၀ီစိရေတွင်းအား စုပေါင်းတူးထားရာတွင်ဦးဌေးလှိုင်ဆိုသူကထိုရေတွင်းအား ၎င်းပိုင်ရေတွင်းအဖြစ်သိမ်းယူ ထားခြင်းဖြစ်ကြောင်း ရွာခံများက ဆိုသည်။

 ထို့အပြင် ၎င်းအဝီစိရေးတွင်းမှ ရေကိုလည်း ရွာသားများအား ရောင်းစားခဲ့ခြင်းကြောင့် ထိုကိစ္စကို မကျေနပ်၍ရွာသား(၁၇)ဦးပေါင်း၍ သမ္မတထံ စာတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 “ကျွန်မတို့ ဒီကိစ္စကို သမ္မတဆီ ထိုင်ထားတာ (၅)လလောက်တော့ရှိပါပြီ၊ ဒါပေမဲ့ အခုထိထူးခြားမှုမရှိသေး ပါဘူး။ ပထမတော့ ကျွန်မတို့(၁၇)ဦးထဲနဲ့ တိုင်ထားတာပါ။ အခုဆိုရင် အယောက်(၇၀)ကျော်သွားပါပြီ။ ကျွန်မတို့အဲ့လို တိုင်ထားလို့ ပထမ(၁၇)ဦးကို ဦးဌေးလှိုင်က ရေမရောင်းပေးတော့ဘူး။” ဟု ထုံးကွင်း ကျေးရွာရှိ ဒေသခံ ဒေါ်ဘုတ်ဆုံက ပြောသည်။
  ထိုကဲ့သို့ သမ္မတထံတိုင်ထားသူများအား ရေရောင်းချခြင်းမပြုသောကြောင့် ကနဦးတွင် (၃)မိုင်ခန့်ဝေးသော ရွာတွင် ရေသွားသယ်ရပြီး ယခုအချိန်တွင်မူ ထို(၁၇)ဦးထဲမှ ဒေါ်စိုးဝင်းစိုသူက အကုန်ကျခံကာ ၎င်းအိမ်တွင်ရေတွင်းတူး၍ထို(၁၇)ဦး၏ ရေအခက်အခဲကို ဖြေရှင်းပေးထားကြောင်းသိရသည်။
  “လွန်ခဲ့တဲ့ (၁၅)ရက်လောက်တော့ မြို့နယ်အုပ်ချုပ်ရေးမှူးလာသွားတယ်။ ခင်ဗျားတို့ဖြစ်နေတာတွေကိုပြေလည် သွားအောင် လုပ်ပေးပါမယ်။ နှစ်ဘက်လုံးကို ညှိနှိုင်းပေးမယ်လို့ပြောသွားပြီ၊ အခုထိမလာသေးဘူး။” ဟု ထုံးကွင်းကျေးရွာ ဒေသခံ ဦးသန်းလွင်က ပြောသည်။
  ရွာသားများအနေဖြင့် အများပိုင်ရေတွင်းတူးရာတွင် နေ့စားအလုပ်လုပ်ကိုင်သူများအား တစ်အိမ်လျှင် (၁၀၀၀) ကျပ် ကောက်ခံခဲ့၍ အလယ်အလတ်အိမ်များအား (၃၀၀၀၀)ကျပ် နှင့် လုပ်ငန်းရှင်များအား (၅၀၀၀၀)ကျပ် ကောက်ခံကာ ရေကန်နှင့် အခြားစက်ပစ္စည်းတန်ဖိုးများမှာ အပြီးအစီး သိန်း(၂၀)ခန့်ကုန်ကျခဲ့ကြောင်း ရွာသားများ၏ ပြောပြချက်အရ သိရသည်။

 ထိုကိစ္စများနှင့် ပတ်သက်၍ ဦးဌေးလှိုင်၏ သမက်ဖြစ်သူက ရွာသားများအနေဖြင့် မိမိ၏ ယောက္ခအပေါ်တဖက်သတ် စွပ်စွဲချက်များသာ ဖြစ်ကြောင်း မြစ်မခမီဒီယာသို့ ပြောကြားခဲ့သည်။

 “ရေတွင်းကို တူးပြီး ခြံဝင်းခတ်ထားတယ် ဆိုတာက ရွာသားတွေ မညီညွတ်လို့ ရေတွင်းကိုပိတ်ထားတာပါ။ ကျွန်တော်တို့   ဘောလုံးကွင်းကို သိမ်းတယ်ဆိုတာကလည်း မဟုတ်ပါဘူး။ လျှပ်စစ်က မြေအောက် ကေဘယ်ကြိုး ရှိတဲ့နေရာကို အိမ်တွေ မဆောက်ရအောင် သံဆူးကြိုးလာခတ်သွားတာပါ” ဟု ဦးဌေးလှိုင်၏ သမက်ဖြစ်သူ ကိုကျော်ဆွေမြင့်က ပြောသည်။
 ထုံကွင်းကျေးရွာတွင် အိမ်ခြေ (၂၅၅) အိမ်ရှိကာ ယခုတိုင် ၎င်းဒေသခံများသည် သောက်သုံးရေ အခက်အခဲရှိနေဆဲဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။