Wednesday, July 18, 2012

 အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ လုံးဝသက်တမ်းမတိုးရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် အမေရိကန် စီးပွားကုန်သွယ်ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ ဒုတိယ၀န်ကြီး Mr.Robert Hormats တို့ ဇူလိုင်လ ၁၄ရက်နေ့တွင် တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့အရေးယူမှုများ လုံးဝသက်တမ်းမတိုးရန် တိုက်တွန်းခဲ့ကြောင်း ဇွန်လ ၁၆ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက "အရေးကြီးအဆို တင်သွင်းမှုနှင့် လွှတ်တော်၏ ဆုံးဖြတ်မှုအပေါ် မိမိ၏ဆောင်ရွက်ချက်ကို တင်ပြခြင်းဖြစ်ပါတယ်။ လွှတ်တော်၏ ဆုံးဖြတ်အတည်ပြုချက်မှာ လွှတ်တော်နှင့်ဆောင်ရွက် နိုင်သူမည်သူ့ကိုမဆို၊ ဆောင်ရွက်နိုင်သည့် မည်သည့်နည်းလမ်းကို အသုံးပြု၍ဖြစ်စေ ညှိနှိုင်းတိုက်တွန်းပေးရန် ဆုံးဖြတ်ခဲ့၍ မိမိဥက္ကဋ္ဌတွင်လည်း တာဝန်ရှိတာနှင့်အညီ မိမိသည်လည်း ထိုဆုံးဖြတ်ချက်ကို ၁၄-၇-၂၀၁၂ ရက် ၁၀း၃၀ အချိန်တွင် အမေရိကန် စီးပွားကုန်သွယ်ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ ဒုတိယဝန်ကြီး Mr.Robert Hormats ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် အမေရိကန်မှ စီးပွားရေး အရေးယူပိတ်ဆို့မှုများအား ဖြေလျှော့ပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်း၊ သို့ရာတွင် လာမည့် ၂၆-၇-၂၀၁၂ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သော The Burmese Freedom and Democracy Act of 2003 အား ပြည်သူ့ဥပဒေ 108-61 50 U.S.C စာအမှတ် 1071 တွင်ပါဝင်သော ကိုးနှစ်ဟူသော စကားစု (သက်တမ်း)အား ပယ်ဖျက်ပြီး တစ်ဆယ့်တစ်နှစ်ဟူသော စကားစုသက်တမ်းအား အစားထိုးပြင်ဆင်သည်ကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် Mitch McConnell, Mrs. Feinstein ပါနှစ်ဦးတို့က လွှတ်တော်အတွင်း နှစ်ကြိမ်တိုင် တင်သွင်းခဲ့ပြီး ဘဏ္ဍာရေး ကော်မတီသို့ လွှဲအပ်ပေးခဲ့ကြောင်း ခိုင်မာစွာ သတင်းရရှိခဲ့ပါတယ်။ ထိုအဆို အောင်မြင်သွားပါက စီးပွားရေး ပိတ်ဆို့မှု သက်တမ်းသည် ၂၀၁၅ ခုနှစ်အထိ ရောက်ရှိသွားမှာဖြစ်၍ သက်တမ်းလုံးဝမတိုးရန် မိတ်ဆွေတို့မှ တတ်စွမ်းသမျှ ကူညီဆောင်ရွက်ပေးရန် မေတ္တာရပ်ခံခဲ့ပါတယ်။ ၎င်းတို့အပြင် ယခုအမေရိကန်မှ စီးပွားရေးပိတ်ဆို့ ဖြေလျှော့မှုများသည် အမေရိကန်ကုမ္ပဏီ လုပ်ငန်းရှင်များ အတွက်သာဖြစ်ပြီး မြန်မာနိုင်ငံသားများ၊ ပို့ကုန်နှင့်ငွေကြေးလဲလှယ်မှုများအတွက် မပါရှိသေးပါ၍ တစ်လမ်းသွား၊ တစ်ဖက်သတ် ဆန်နေပါကြောင်း၊ ၎င်းကိစ္စအား ပြန်လည်သုံးသပ်၍ မြန်မာပြည်သူများအကျိုး၊ မြန်မာတိုင်းရင်းသားများ၏ အကျိုးကိုသာ စဉ်းစားဆောင်ရွက်ပေးရန် လိုပါကြောင်း၊ မိမိနှင့်အတူ အစည်းအဝေးတက်ရောက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင် အမေရိကန်နိုင်ငံ ဒုတိယဝန်ကြီးအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ကိုပါ မေတ္တာရပ်ခံခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များထဲမှ စွမ်းဆောင်နိုင်သော မျိုးချစ်ပုဂ္ဂိုလ်များသည် နိုင်ငံတော်နှင့် နိုင်ငံသား အကျိုးစီးပွားအတွက် မြန်မာနိုင်ငံအပေါ် ထပ်မံသက်တမ်းတိုး ပိတ်ဆို့အရေးယူမှု မပြုရန်နှင့် နှစ်လမ်းသွားမျှတသော စီးပွားရေး ဖြေလျှော့မှုများနှင့် ငွေကြေးပုံမှန် လဲလှယ်ခွင့် ရရှိရေးအတွက် ဆောင်ရွက်ပေးပါရန် အလေးအနက်တိုက်တွန်း မေတ္တာရပ်ခံလိုပါတယ်"ဟု ပြောကြားခဲ့သည်။
ဇူလိုင်လ ၁၃ ရက်နေ့က ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုအား အမြန်ဆုံးရုပ်သိမ်းပေးရန် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူ့ကိုမဆို မည်သည့်နည်းလမ်းကို အသုံးပြု၍ဖြစ်စေ ညှိုနှိုင်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အရေးကြီးကြားဖြတ်အဆိုကို တင်သွင်းခဲ့ရာတွင် ကိုယ်စားလှယ်အချို့က ဝင်ရောက်ဆွေးနွေးပြီး လွှတ်တော်မှ အတည်ပြုခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။