Wednesday, July 18, 2012

 NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အထက်လွှတ်တော်အမတ် Mitch McConnell တို့ ပိတ်ဆို့အရေးယူမှုများနှင့် ပတ်သက်၍ ဖုန်းဖြင့်ဆွေးနွေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အထက်လွှတ်တော်အမတ် Mitch McConnell တို့သည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများနှင့် ပတ်သက်၍ ဇူလိုင် လ ၁၆ ရက်နေ့တွင် ဖုန်းဖြင့်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က "ဇူလိုင်လ ၁၆ ရက်နေ့ညက ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ Mitch McConnell တို့ လွှတ်တော်မှာပဲ ဆွေးနွေးသွားတဲ့ The Burmese Freedom and Democracy ဥပဒေကိစ္စ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဖုန်းနဲ့စကားပြော ဖြစ်တာပါ။ အဲဒီမှာ ဥက္ကဋ္ဌက အချက် ၃ ချက် ပြောခဲ့တယ်။ မြန်မာ-အမေရိကန် ဆက်ဆံရေး ပိုမိုတိုးတက်လာဖို့ကိစ္စ၊ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေ အရှိန်အဟုန်မြှင့်ဖို့ကိစ္စ၊ မြန်မာနိုင်ငံ ပြည်သူလူထုဘဝ ပိုမိုတိုးတက်ဖို့ ကိစ္စတွေ ဆွေးနွေးဖြစ်ကြတယ်။ ဒီအကြောင်းအရာ ၃ခုပဲ။ ဘာ result ထွက်မယ်ဆိုတာ မပြောတတ်ဘူးလို့ ဥက္ကဋ္ဌက ပြောပါတယ်။ ကျွန်တော့် private အမြင်ပြောရရင် ဒါဟာ ဟိုနေ့က လွှတ်တော်မှာ ဆွေးနွေးခဲ့တဲ့ ကိစ္စနဲ့ ဆက်စပ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ The Burmese Freedom and Democracy ဆိုတာ sanction ပဲ။ အဲဒါကို Mitch McConnell က ဥပဒေ draft လုပ်ပြီး Senate မှာ တင်တာ။ အဲဒါကို extend လုပ်ဖို့ကိစ္စလည်း သူကပဲ နှစ်စဉ်နှစ်စဉ် ခေါင်းဆောင်ပြီး တင်လာတာ။ အခုလည်း ရှေ့အပတ်ထဲမှာ တင်ဖို့၊ ဆွေးနွေးဖို့ လုပ်တော့မယ် ပြောတယ်။ အဲဒီကိစ္စပဲ။ အဲတော့ ဒါကအရေးကြီးတယ်။ ဒီဟာနဲ့ ဆက်စပ်နေတယ်။ တစ်ယောက်ထဲ အမြင်ပြောရရင် Sanction နဲ့ပတ်သက်ပြီး အခြေအနေကောင်းတွေ ဖြစ်လာမယ်လို့ ထင်ပါတယ်။ ဒီလိုဆက်သွယ်မှုကနေ ကောင်းတဲ့အလားအလာတွေ ထွက်လာမယ်လို့ မြင်ပါတယ်"ဟု ပြောကြားခဲ့သည်။
The Burmese Freedom and Democracy Act 2003 သည် လာမည့် ၂၆ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဥပဒေသည် မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများအား အမေရိကန်နိုင်ငံသို့ တင်သွင်းမှုကို ပိတ်ပင်ထားသည့် ဥပဒေဖြစ်ပြီး အမေရိကန် ကွန်ဂရက်တွင် နှစ်စဉ် သက်တမ်းတိုးရကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်များအတွင်းက အဆိုပါဥပဒေအား သက်တမ်းတိုးမှုမှာ လုပ်ရိုးလုပ်စဉ်အဖြစ် ဆောင်ရွက်နိုင်ခဲ့သော်လည်း ယခုနှစ်တွင်မူ ထူးခြားလျက်ရှိနေသည်။
အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် ၁၅ နှစ်အတွင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်စတင်နိုင်ရန် အမေရိကန် ကုမ္ပဏီများအား ခွင့်ပြုကြောင်း ဇူလိုင်လ ၁၁ ရက်နေ့က ကြေညာခဲ့သည်။
ထိုသို့ ကြေညာပြီး ရက်ပိုင်းအတွင် ဇူလိုင်လ ၁၄ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ လေ့လာရန် Boeing, Chevron, Google, General Motors, IBM, Dell, Time Warner, Visa, MasterCard Worldwide, ExxonMobil, Coca-Cola, Federal Express,GE အစရှိသည့် နာမည်ကျော် အမေရိကန်ကုမ္ပဏီများ ပါဝင်သည့် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့ကြသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။