Wednesday, July 18, 2012

မြန်မာ-လာအိုကားလမ်းအား အာရှဖွံ့ဖြိုးမှုဘဏ်အကူအညီဖြင့် တည်ဆောက်သွားမည်

မြန်မာနှင့် လာအိုနှစ်နိုင်ငံကြား ဆက်သွယ်ပေးမည့် ကားလမ်းမကြီးအား  နိုင်ငံတကာအဆင့်မီလမ်းမကြီးအဖြစ် တာဝန်ယူဖောက်လုပ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရှိရသည်။
နိုင်ငံတကာအဆင့်မီကားလမ်းမများဖြစ်ပေါ်စေရန် အာရှဖွံ့ဖြိုးမှုဘဏ်မှ လိုအပ်သည့် နည်းပညာပံ့ပိုးမှုအပါအ၀င် အကူအညီအထောက်အပံ့ပေးမှုများပြုလုပ်၍ ၂၀၁၅ခုနှစ် မတိုင်မီအပြီး တည်ဆောက်သွားမည်ဟု သိရသည်။
နှစ်နိုင်ငံကြား လမ်းပန်းဆက်သွယ်ရေး လွယ်ကူစေရန်အတွက် လာအို-ကျိုင်းတုံ-တောင်ကြီး-မိတ္ထီလာ-မန္တလေး-မုံရွာ- ကလေး-တမူး စသည့်မြို့ရှိ ကားလမ်းများကို ဖောက်လုပ်သွားမည်ဖြစ်ကြောင်းကိုလည်းသိရှိရသည်။
“လမ်းတွေရဲ့ အသေးစိတ်အခြေနေတွေကို တာဝန်ရှိသူတွေနဲ့ လေ့လာမှုတွေပြုလုပ်ပြီး ၂၀၁၅ မတိုင်ခင်မှာ လုပ်ပေးသွား မှာဖြစ်တယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနကလည်း ပြည်တွင်းက လမ်းတွေရဲ့ အနေအထားတွေကို အာရှဖွံ့ဖြိုးမှုဘဏ်ကို တင်ပြသွားမယ်။ ဘယ်တော့စပြီးလုပ်မယ်ဆိုတာတော့ မသိရသေးဘူး။” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အာရှဖွံ့ဖြိုးမှုဘဏ်သည် ကားလမ်းများ အဆင့်မြှင့်တင်မှုများကို ကူညီပေးသွားမည့်အပြင် မဲခေါင်မြစ်ဝှမ်းဒေသ အတွင်းရှိ တံတားတည်ဆောက်ရန် စီမံကိန်းများကိုလည်း ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ထိုကဲ့သို့ အာရှဖွံ့ဖြိုးရေးဘဏ်မှကူညီရခြင်းမှာမြန်မာနိုင်ငံသည် မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ခြင်းကြောင့်ဟု သိရှိရသည်။
အာရှဖွံ့ဖြိုးမှုဘဏ်သည် ယခင်က မဲခေါင်ဒေသတွင်း နိုင်ငံများကို အကူအညီပေးမှုများထဲတွင် အခြားနိုင်ငံ များသာ ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံအား အကူအညီပေးမှုနည်းပါးခဲ့ကြောင်းနှင့် ယခုကူညီထောက်ပံ့ပေးရခြင်းမှာ မြန်မာနိုင်ငံ၏   ပြုပြင်ပြောင်းလဲမှုအခြေနေကောင်းများကြောင့်  ကူညီရခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။